The network connection is lost.

Banner Image

ကာရစ်ကို ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ငြင်းဆန်ဖို့က တကယ်ခက်ခဲလိမ့်မယ်လို့ စတမ်ပြော

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ယာပ်စတမ်ကတော့ အခုလာမယ့်နွေရာသီမှာ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်ဘဲ နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ပရီမီယံလိဂ်ပွဲစဉ် ၂ ပွဲပဲ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ စတုတ္ထနေရာက လီဗာပူးအသင်းကို ၆ မှတ်အသာနဲ့ ဖြတ်ထားနိုင်ခဲ့ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း သေချာသလောက် ရှိနေပါပြီ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရူဘင်အမော်ရင်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ ကာရစ်ဟာ ယူနိုက်တက်ကို အဘက်ဘက်ကနေ ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အပါအဝင် ဝါရင့်ကစားသမားတွေဆီကနေ အပြည့်အဝ ထောက်ခံမှု ရရှိထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဘက်က ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ချက်ချဖို့ နှောင့်နှေးနေပေမဲ့ စတမ်ကတော့ ComeOn နဲ့ အင်တာဗျူးမှာ ကွင်းလယ်လူဟောင်း ကာရစ်ဟာ အသင်းအတွက် အသင့်တော်ဆုံးနဲ့ တစ်ဦးတည်းသော ရွေးချယ်စရာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

"မိုက်ကယ်ကာရစ်ကို ဒီအလုပ် (နည်းပြရာထူး) မပေးဘဲနေဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ သူက ဒါနဲ့ ထိုက်တန်ပါတယ်။ သူစပြီး တာဝန်ယူခဲ့တဲ့အချိန်က အသင်းရဲ့ ကစားပုံ၊ အသင်းသားတွေနဲ့ ကလပ်အသင်းအတွင်းမှာ သူပြောင်းလဲပေးခဲ့တာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ပရိသတ်တွေရဲ့ ခံစားချက်၊ ကောင်းမွန်ပြီး ထိရောက်တဲ့ ဘောလုံးကစားဟန်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ ရလဒ်တွေက အရမ်းကို အရေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ အသင်းပိုင်ရှင်တွေက တခြားသူကို ရွေးချယ်မယ်ဆိုတာကို ကျွန်တော် စိတ်ကူးလို့တောင် မရပါဘူး။ ဒါကြောင့် အခုက ဆုံးဖြတ်ချက်ချရမယ့် အချိန်ပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးနောက်ပိုင်း အောင်မြင်မှုတွေ ရနေချိန်မှာ သူ့ကို ခေါ်ပြီး 'အိုကေ၊ မင်းကို နောက်ရာသီ ဒါမှမဟုတ် နောက်ထပ်နှစ်ရာသီအတွက် စာချုပ်ချုပ်ချင်တယ်၊ ဘယ်လိုဖြစ်လာမလဲ ကြည့်ကြတာပေါ့' လို့ မပြောဘဲနေမယ်ဆိုတာ ကျွန်တော် မယုံကြည်နိုင်ပါဘူး။ သူက ကစားသမားတွေကို စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်စွမ်းရှိပြီး အခုလည်း ဒါကို လုပ်ပြနေတာပါ။ တကယ်လို့ အပြောင်းအလဲလုပ်ချင်တဲ့ စိတ်ထက်သန်မှုရှိတဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့သာ ပူးပေါင်းလိုက်ရင် ကာရစ်လို လူငယ်နည်းပြတစ်ယောက် နောက်ထပ်ခြေလှမ်းတစ်ခုကို လှမ်းနိုင်ဖို့ ဒါမှမဟုတ် ကလပ်အတွက် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ကာရစ် အိုးလ်ထရက်ဖို့ဒ်ကို စတင်ရောက်ရှိလာချိန်ကစပြီး မန်ယူအသင်းဟာ ပရီမီယံလိဂ်က တခြားအသင်းတွေထက် ရမှတ်အများဆုံး ရရှိခဲ့ပါတယ်။ သူက အသင်းကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်ခဲ့တာကြောင့် အခု ရာသီကုန်ခါနီးအချိန်မှာတော့ ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ ကာရစ်ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မှာ ဖြစ်ပါတယ်။