The network connection is lost.

Banner Image

ဒေါ့မွန်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ မတ်အိုရိုင်လီအတွက် ဘရိုက်တန်က ပြောင်းရွှေ့ကြေး သတ်မှတ်

ဘရိုက်တန်အသင်းဟာ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မတ်အိုရိုင်လီကတော့ အသင်းကနေ အပြီးအပိုင် ထွက်ခွာသွားနိုင်တဲ့သူတစ်ဦး ဖြစ်လာပါတယ်။

အိုရိုင်လီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မာဆေးလ်အသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပေမဲ့ ပွဲပေါင်း ၂၅ ပွဲမှာ ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီလအစောပိုင်းမှာပဲ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး ပြန်လာခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ဒီဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ နည်းပြ ဖေဘီယန်ဟူဇယ်လာရဲ့ အသင်းမှာ ပွဲထွက်ခွင့် သိပ်မရခဲ့ဘဲ ဥရောပဝင်ခွင့်အတွက် ကြိုးစားနေတဲ့ ဘရိုက်တန်အတွက် ၆ ပွဲ (မိနစ် ၂၀၆ မိနစ်) သာ ပါဝင်ကစားပေးထားရပါတယ်။

လောလောဆယ်မှာ ဘရိုက်တန်က ပရီးမီးယားလိဂ်အဆင့် ၇ နေရာမှာ ရှိနေပြီး တနင်္ဂနွေနေ့မှာကစားမယ့် မန်ယူနဲ့ နောက်ဆုံးပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်၊ တစ်ဖက်က ဘုန်းမောက်အသင်းကလည်း နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ရင် အဆင့် ၆ အထိ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ဘရိုက်တန်အသင်းအနေနဲ့ ဥရောပဝင်ခွင့်ကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ အခြေအနေမှာ ရှိနေပေမဲ့ အိုရိုင်လီရဲ့ အနာဂတ်ကတော့ မရေမရာ ဖြစ်နေပါတယ်။ Sky Germany ရဲ့ ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ် ကစားသမားကို ဘိုရူစီယာ ဒေါ့မွန်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒေါ့မွန်နည်းပြ နီကိုကိုဗက်က အဲဒီကွင်းလယ်လူကို စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားတစ်ယောက်အဖြစ် သဘောကျနေပြီး ဘရိုက်တန်ကတော့ သူ့အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၅ သန်းကနေ ၂၀ သန်းကြား သတ်မှတ်ထားပါတယ်။

အိုရိုင်လီဟာ ဘရိုက်တန်နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ အသင်းမှာ ပွဲထွက်ခွင့် အကန့်အသတ်နဲ့သာ ရနေတာကြောင့် ဘွန်ဒက်စ်လီဂါဟာ သူ့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။