ချန်ပီယံဆု မျှော်လင့်ချက်ဝေးကွာသွားပြီးနောက် မန်စီးတီးမှာ ဆက်ရှိမလားဆိုတဲ့ မေးခွန်းတွေကို ဂွါဒီယိုလာ ဖြေကြားခြင်းမရှိ
ဘုန်းမောက်နဲ့ ၁-၁ သရေကျပြီး ပရီမီယံလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ပြီးတဲ့နောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အသင်းအကြီးအကဲတွေနဲ့ ဆွေးနွေးသွားမယ်လို့ ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဗိုက်တာလစ်တီးကွင်းက ဒီရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ ၂၂ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပရီမီယံလိဂ်နောက်ဆုံးပွဲစဉ်အပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေ တနင်္လာနေ့မှာ အကျယ်တဝင့် ထွက်ပေါ်နေခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်လို့ မန်စီးတီးအသင်းဘက်ကတော့ လူသိရှင်ကြား တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
"ကျွန်တော့်မှာ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတယ်လို့ပဲ ပြောလို့ရမှာပါ၊ ဒါဟာ နှစ်ပေါင်းများစွာကြာအောင် ပြောလာခဲ့တဲ့ စကားတွေပါ။ ကျွန်တော့်အတွေ့အကြုံအရဆိုရင် ပြိုင်ပွဲတွေရှိနေတုန်း တစ်ခုခုကို ကြေညာလိုက်တာဟာ ရလဒ်ဆိုးကျိုးတွေပဲ ဖြစ်လာတတ်ပါတယ်" လို့ ဂွါဒီယိုလာက Sky Sports ကို ပြောခဲ့ပါတယ်။
"ကျွန်တော် ပထမဆုံး စကားပြောရမယ့်သူက အသင်းဥက္ကဋ္ဌဆိုတာ ခင်ဗျားတို့ နားလည်မှာပါ။ ရာသီကုန်တဲ့အခါမှပဲ ကျွန်တော်တို့ ထိုင်ပြီး ဆွေးနွေးကြမှာပါ။ ဒါဟာ ရိုးရိုးလေးပါပဲ၊ အဲဒီနောက်မှပဲ ဆုံးဖြတ်ချက် တစ်ခုခုကို ချသွားမှာပါ" လို့ သူက ဆိုပါတယ်။
"နားထောင်ပါ၊ ကျွန်တော့်မှာ စာချုပ်သက်တမ်း တစ်နှစ် ကျန်ပါသေးတယ်။ ဒါဟာ အရင်နဲ့တော့ မတူပါဘူး။"
"ဒီနေရာမှာတော့ ကျွန်တော် ဘာမှပြောမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ဥက္ကဋ္ဌ၊ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ အရင်ဆုံး စကားပြောရဦးမှာမို့လို့ပါ။ ကျွန်တော်တို့ အက်ဖ်အေဖလားဖြစ်ဖြစ်၊ ပရီမီယံလိဂ်ဖြစ်ဖြစ် ကစားနေရတဲ့အချိန်မှာ အသင်းကို အမြင့်ဆုံးရောက်အောင် ပို့ပေးဖို့ပဲ ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေတာပါ" လို့ ဂွါဒီယိုလာက ဆက်ပြောပါတယ်။
လက်ရှိစာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတဲ့ ဂွါဒီယိုလာသာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် အင်္ဂလန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး နည်းပြသက်တမ်းတစ်ခု နိဂုံးချုပ်သွားမှာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီးနောက် ပရီမီယံလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် မန်စီးတီးအတွက် ဆုဖလား ၂၀ အထိ ရယူပေးထားနိုင်ခဲ့သူပါ။
ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးဖို့အတွက် သူ့ရဲ့လက်ထောက်ဟောင်း အန်ဇိုမာရက်စကာကို လျာထားတယ်လို့ သိရပါတယ်။ မာရက်စကာဟာ ဒီနှစ်အစောပိုင်းက ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ပြီးကတည်းက အလုပ်လက်မဲ့ ဖြစ်နေတာပါ။