ရော်ဘီကိန်းနဲ့ ရော်ဘီဖောင်လာတို့ရဲ့ ပရီးမီးယားလိဂ်စံချိန်ကို ကျော်ဖြတ်လိုက်တဲ့ ခရော့ပီ
ဘုန်းမောက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အီလီ ဂျူနီယာ ခရော့ပီဟာ ဆယ်ကျော်သက်အရွယ် ကစားသမားတစ်ဦးရဲ့ ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ်စံချိန်သစ်ကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် ခရော့ပီဟာ အင်္ဂါနေ့က မန်စီးတီးနဲ့ ကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ သူ့ရဲ့ သွင်းဂိုးအရေအတွက်ဟာ ၁၃ ဂိုးအထိ ရှိလာခဲ့တာပါ။
ဒီဂိုးကြောင့်ပဲ ခရော့ပီဟာ အရင်က ရော်ဘီကိန်းနဲ့ ရော်ဘီဖောင်လာတို့ ပူးတွဲတင်ထားတဲ့ ၁၂ ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒီပြင်သစ်လူငယ်လေးဟာ ၂၀၂၅-၂၆ ရာသီအတွင်း အာဆင်နယ်နဲ့ မန်ယူအသင်းတို့ကိုလည်း ဂိုးသွင်းထားနိုင်ခဲ့ပြီးသားဖြစ်လို့ အင်္ဂလန်အမှတ်ပေးလိဂ်ရဲ့ တစ်ရာသီအတွင်းမှာ အဆင့် ၁ ကနေ ၃ အတွင်း ရပ်တည်နေတဲ့ အသင်းကြီးသုံးသင်းစလုံးကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ဆယ်ကျော်သက်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အန်ဒိုနီ အီရာအိုလာရဲ့ အသင်းကို အခုရာသီမတိုင်ခင်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ ခရော့ပီဟာ ပရီးမီးယားလိဂ်ရဲ့ လိုအပ်ချက်တွေနဲ့ အမြန်ဆုံး အသားကျသွားခဲ့ပြီး ဘုန်းမောက်အသင်းအတွက် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ဂိုးအမျိုးမျိုးကို သွင်းယူပေးနေတာပဲ ဖြစ်ပါတယ်။