The network connection is lost.

Banner Image

မန်စီးတီးမှ ထွက်ခွာပြီးနောက် ပက်ဂွါဒီယိုလာ တစ်နှစ်လောက် အနားယူနိုင်တယ်လို့ အလန်ရှီးယားခန့်မှန်း

ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားအလန်ရှီးယားက မန်စီးတီးမှထွက်ခွာလာပြီးနောက် ပက်ဂွါဒီယိုလာ ဘယ်ဆက်သွားမလဲဆိုတာကို ခန့်မှန်းသုံးသပ်လိုက်ပါတယ်။

ပက်ဂွါဒီယိုလာက မန်စီးတီးမှာရှိနေချိန် ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ်၊ အက်ဖ်အေဖလားသုံးကြိမ်၊ ကာရာဘောင်ဖလားငါးကြိမ်၊ ဥရောစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူး‌ပေးခဲ့ပါတယ်။

သတင်းတွေအရ စပိန်လူမျိုးနည်းပြက ရာသီအကုန်မှာ အသင်းမှထွက်ခွာဖို့ရှိနေပြီး လာမယ့်လအတွင်း သူ့နေ့ရာကို ချဲလ်ဆီးနည်းပြဟောင်းမာရက်စ်ကာ အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ သိရပါတယ်။

Betfair နဲ့အင်တာဗျူးမှာ အလန်ရှီးယားကို မာရက်စ်ကာအကြောင်းနဲ့ မန်စီးတီးမှထွက်ခွာပြီးနောက် ပက်ဂွါဒီယိုလာ ဘယ်ဆီရောက်သွားနိုင်သလဲဆိုတာ မေးမြန်းခဲ့ပါတယ်။

"မန်စီးတီးမှထွက်သွားပြီးနောက် ပက်ဂွါဒီယိုလာ ဘာဆက်လုပ်မလဲဆိုရင်တော့ အနားယူသွားပါလိမ့်မယ်။ အတိတ်မှာ သူလုပ်ခဲ့သလိုမျိုးပဲ တစ်နှစ်လောက်အနားယူပြီးမှ အားအင်အပြည့်နဲ့ နောက်တစ်ကြိမ် ပြန်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ အလန်ရှီးယားက ဆိုပါတယ်။

ဒါ့အပြင် "နိုင်ငံလက်ရွေးစင်အသင်းတစ်ခုကို သူကိုင်တွယ်တာမျိုး မြင်ချင်မိပါတယ်။ ဖိအားနည်းတယ်လို့ မဆိုလိုပေမဲ့ ဒါက သူ့အတွက်တော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်" လို့လည်း ပြောပါတယ်။

မန်စီးတီးကို မာရက်စ်ကာတာဝန်ယူမယ့်အပေါ် အလန်ရှီးယားက "ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရပါမယ်။ ဒါက တကယ်ကို ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ နည်းပြကောင်းတစ်ဦးရဲ့နေရာကို အစားထိုးဖို့ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ နှစ်ပေါင်းများစွာမြင်တွေ့ခဲ့ရပြီးပြီလေ၊ ပက်ဂွါဒီယိုလာကတော့ အကောင်းဆုံးတွေအနက် တစ်ဦးပေါ့" လို့ ဆိုပါတယ်။

"ပက်ဂွါဒီယိုလာထွက်သွားတာ တခြားအသင်းတွေအတွက် အခွင့်အရေးဖြစ်သွားနိုင်ပေမဲ့ သူထွက်သွားတာကို မြင်ရမှာတော့ စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ပရီးမီးယားလိဂ်အတွက် တကယ်ကို အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို့ပါ" လို့လည်း အလန်ရှီးယားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက အခုသီတင်းပတ်ကုန်၊ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ မန်စီးတီးကို နောက်ဆုံးအကြိမ်ကိုင်တွယ်သွားဖို့ရှိနေပြီး စိတ်လှုပ်ရှားစရာနှုတ်ဆက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။