ဂွါဒီယိုလာရဲ့နေရာမှာ မာရက်စ်ကာနဲ့အစားထိုးဖို့ အတည်ပြုလိုက်တဲ့ မန်စီးတီး
ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် သူ့ရဲ့နေရာမှာ အန်ဇိုမာရက်စကာက အစားထိုးဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဒီရာသီကုန်မှာ ဂွါဒီယိုလာတစ်ယောက် မန်စီးတီးကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေဟာ တနင်္လာနေ့ညက ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒါဟာ ဒီရာသီရဲ့ အကြီးမားဆုံး သတင်းထုတ်ပြန်ချက်တွေထဲက တစ်ခု ဖြစ်လာမှာပါ။
လာမယ့်သီတင်းပတ်ကုန်မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲဟာ ဂွါဒီယိုလာအတွက် အသင်းကို နောက်ဆုံးအကြိမ် ကိုင်တွယ်တဲ့ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ သူဟာ အသင်းကနေ ထွက်ခွာတော့မယ့် ဘာနာဒိုဆေးလ်ဗားနဲ့အတူ ပရိသတ်တွေကို နှုတ်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် မန်စီးတီးဟာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မန်နေဂျာအသစ်တစ်ယောက်ကို ရှာဖွေရတော့မှာဖြစ်ပြီး သတင်းတွေအရ ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာကို ခန့်အပ်ဖို့ သေချာသလောက် ရှိနေပါတယ်။
အသက် ၄၆ နှစ်အရွယ် မာရက်စကာဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာအသင်းကို မကိုင်တွယ်ခင်က ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူပါ။ အီတလီလူမျိုး နည်းပြဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့ပြီး လပိုင်းအကြာမှာပဲ နည်းပြလောကထဲကို အမြန်ဆုံး ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ မာရက်စကာဟာ ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဂွါဒီယိုလာရဲ့ အနာဂတ် မရေမရာ ဖြစ်နေချိန်ကတည်းက မာရက်စကာဟာ အသင်းကို ပြန်လာဖို့ စိတ်ဝင်စားခဲ့တာကြောင့် ဒါဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။
လိဂ်ဖလား ရရှိထားသလို စနေနေ့ကလည်း အက်ဖ်အေဖလားကို ထပ်မံဆွတ်ခူးခဲ့တဲ့ မန်စီးတီးဟာ မာရက်စကာနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်လို့ ရာသီအကုန် လာမယ့်တစ်လအတွင်းမှာ သူ့ကို နည်းပြသစ်အဖြစ် တရားဝင် ထုတ်ပြန်ကြေညာဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းအတွက် ဆုဖလား ၂၀ အထိ ယူဆောင်ပေးခဲ့တဲ့ ဂွါဒီယိုလာကို ဂုဏ်ပြုတဲ့အနေနဲ့ အီတီဟတ်ကွင်းက ပွဲကြည့်စင်တစ်ခုကို သူ့နာမည်ပေးဖို့ စီစဉ်နေပါတယ်။ မာရက်စကာက အသင်းကို ခေတ်သစ်တစ်ခုဆီ ဦးဆောင်ဖို့ ကြိုးစားရမှာဖြစ်ပေမဲ့ ဂွါဒီယိုလာရဲ့ နေရာကို အစားထိုးဖို့ကတော့ တကယ့်ကို ခက်ခဲတဲ့အရာ ဖြစ်ပါလိမ့်မယ်။