ယူနိုက်တက် နည်းပြတာဝန်ကို သဘောကျနှစ်သက်တယ်လို့ ဖွင့်ဟလာတဲ့ ကာရစ်
မိုက်ကယ် ကာရစ်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုပေးနိုင်ခဲ့ပြီးနောက်မှာ ဖိအားများတဲ့ ယူနိုက်တက် နည်းပြရာထူးဟာ သူ့အတွက်တော့ သဘာဝကျသလို ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲအလိုမှာတင် အဆင့် ၅ အတွင်း ဝင်ဖို့ သေချာသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင် အမော်ရင်ကို ရာထူးက ထုတ်ပယ်ပြီးနောက်မှာ ကာရစ်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် သုံးရာသီအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးဖို့က သူ့ရဲ့ အဓိက ပန်းတိုင်လည်း ဖြစ်ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူဟောင်းဖြစ်တဲ့ ကာရစ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို ၂၀၂၁ ခုနှစ်တုန်းကလည်း ယာယီနည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော နည်းပြ အတွေ့အကြုံကတော့ ဒုတိယတန်းကလပ် မစ်ဒယ်ဘရော့အသင်းမှာပဲ ရှိခဲ့ဖူးတာပါ။
"လက်ရှိလုပ်နေရတာကို ကျွန်တော် သဘောကျတယ်၊ ဒါဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ အနေအထားတစ်ခုပါ" လို့ ကာရစ်က ဆိုပါတယ်။
"အမှန်အတိုင်းပြောရရင် ဒါဟာ တကယ့်ကို သဘာဝကျတယ်လို့ ခံစားရပါတယ်။ ဒါဟာ ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်လို့ ကျွန်တော် ပေါ့ပေါ့တန်တန် ပြောနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမှာ အကြာကြီး ရှိနေခဲ့သလိုမျိုး ခံစားနေရတာပါ"
"ဒီရာထူးက ဘာတွေယူဆောင်လာပေးသလဲဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်၊ ဒီလိုနေရာမှာ ရှိနေရတာဟာ တကယ့်ကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ကာရစ်ဟာ နည်းပြအဖြစ် အတည်တကျ ခန့်အပ်ခံရဖို့ ရေပန်းစားနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ဘုန်းမောက်ကနေ ထွက်ခွာတော့မယ့် အန်ဒိုနီ အီရာအိုလာ၊ ဂျာမနီနည်းပြ ဂျူလီယန် နာဂယ်စမန်း တို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရလိုက်တာကြောင့် ရရှိလာမယ့် ဝင်ငွေတွေဟာ ဘယ်သူပဲ နည်းပြဖြစ်လာပါစေ အပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက် လူစာရင်းကို အားဖြည့်ဖို့အတွက် အများကြီး အထောက်အကူဖြစ်မှာပါ။
ဒါပေမဲ့လည်း ကာရစ်ကတော့ ပရီးမီးယားလိဂ်ဖလား မရရှိခဲ့တာ ၁၃ နှစ်တောင် ရှိပြီဖြစ်တဲ့အတွက် အသင်းအနေနဲ့ ဒီထက်ပိုပြီး မြင့်မားတဲ့ ရည်မှန်းချက်တွေ ထားရှိရမယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ စတင်ကိုင်တွယ်ချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ အလှမ်းဝေးနေသလိုပါပဲ။ အခုလို လက်ကျန် ၃ ပွဲအလိုမှာ ဒီလိုအခြေအနေကို ရောက်ရှိလာတာဟာ ကျေနပ်စရာကောင်းပေမဲ့ ဒါဟာ အရာအားလုံးတော့ မဟုတ်ပါဘူး" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း လီဗာပူးကတော့ ဒီရာသီ ၁၁ ကြိမ်မြောက် ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။
မိုဟာမက် ဆာလာ၊ အလက်ဇန္ဒား အိုင်ဆက်နဲ့ ဟူဂို အီကီတီကီတို့လို တိုက်စစ်မှူးတွေမပါဘဲ လူအင်အားနည်းနေတဲ့ လီဗာပူးဟာ ၂-၀ နဲ့ ရှုံးနေရာကနေ ၂-၂ ဖြစ်အောင် ပြန်လိုက်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ကိုဘီ မိနူးရဲ့ အနိုင်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။
အာနယ် စလော့ကတော့ သူ့အသင်းရဲ့ ဒုတိယပိုင်း ခြေစွမ်းဟာ ကစားသမား အခက်အခဲကြားက ရလဒ်ကောင်းရနိုင်ခြေရှိတာကို ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပြီး ယူနိုက်တက်ရဲ့ အနိုင်ဂိုး မပေးရခင်မှာ အာရုံစူးစိုက်မှု လျော့နည်းသွားခဲ့တာအပေါ် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
"ထုံးစံအတိုင်းပါပဲ၊ အာရုံစိုက်မှု ခေတ္တလွတ်သွားတာနဲ့ ဂိုးပေးလိုက်ရတာပါပဲ။ ဒီရာသီမှာ ကျွန်တော်တို့ ဂိုးရဖို့ စောင့်နေရင်း အရေးကြီးတဲ့ အချိန်လေးမှာ စက္ကန့်ပိုင်းလောက် အာရုံစိုက်မှု လွတ်သွားတာကြောင့် ဂိုးတွေ ပြန်ပေးလိုက်ရတာ အကြိမ်ကြိမ်ပါပဲ" လို့ စလော့က ဆိုပါတယ်။ သူဟာ လိဂ်ဖလားရရှိခဲ့ပြီး တစ်နှစ်အကြာမှာပဲ သူ့ရဲ့ ရာထူးအတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။