အေစီမီလန်ကြယ်ပွင့် လီယာအိုကို ခေါ်ယူဖို့အတွက် ကစားသမား ၃ ဦးအထိ အလဲအထပ်ပြုလုပ်သွားမယ့် ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုလာမယ့်နွေရာသီမှာ အေစီမီလန်တောင်ပံကစားသမား ရာဖေးလ်လီယာအိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဒီအပြောင်းအရွှေ့ဖြစ်မြောက်လာဖို့အတွက် အီတလီကလပ်ထံ သူတို့ရဲ့ ကစားသမား ၃ ယောက်ထဲက တစ်ယောက်ယောက်ကို အလဲအထပ်အဖြစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယာအိုဟာ အသင်းနည်းပြ မက်စ်အယ်လီဂရီနဲ့ ဆက်ဆံရေး လုံးဝပျက်ပြားသွားပြီလို့ သတင်းတွေအများအပြား ထွက်ပေါ်နေတာကြောင့် အေစီမီလန်ကနေ ထွက်ခွာဖို့ အရင်ကထက် ပိုနီးစပ်နေတာပါ။
အီတလီသတင်းဌာနဖြစ်တဲ့ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ ဘယ်တောင်ပံကို အင်အားဖြည့်တင်းဖို့အတွက် လီယာအိုကို အဓိကပစ်မှတ်အနေနဲ့ သတ်မှတ်ထားပါတယ်။
ယူနိုက်တက်အနေနဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်ဖို့အတွက် ကစားသမားတစ်ဦးကို အလဲအထပ်အဖြစ် ထည့်သွင်းကမ်းလှမ်းဖို့ ကြိုးစားနေတာဖြစ်ပြီး အဲဒီစာရင်းထဲမှာ မန်နျူရယ်အူဂါတေး၊ ဂျိုရှူအာဇက်ဇီးနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ ပါဝင်နေပါတယ်။
အေစီမီလန်အသင်းဟာ အရင်ကတော့ ငွေသားသက်သက်နဲ့သာ ရောင်းချဖို့ ဆန္ဒရှိခဲ့ပေမဲ့ အခုအခါမှာတော့ ကစားသမားအလဲအထပ်ပြုလုပ်မယ့် ကမ်းလှမ်းမှုကို စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။