The network connection is lost.

Banner Image

ချဲလ်ဆီးကစားသမားတွေကို သင်လွယ်တက်လွယ်သူတွေလို့ ချီးကျူးလိုက်တဲ့ မက်ဖာလိန်း

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်းက သူ့ရဲ့ကစားသမားတွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးက အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ လိဒ်ယူနိုက်တက်ကို အနိုင်ယူပြီးနောက် မက်ဖာလိန်းရဲ့စတမ်းဖို့ဒ်ဘရစ်ချ်နည်းပြဘ၀ ပထမဆုံးနိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနိုင်ပွဲရဲ့အရှိန်အဟုန်နဲ့အတူ တနင်္လာညပိုင်းမှာ ချဲလ်ဆီးက နော်တင်ဟမ်ဖောရက်စ်ကို ဧည့်ခံကစားသွားပါလိမ့်မယ်။
 
ဒါပေမဲ့ အနောက်လန်ဒန်ကလပ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ နောက်ဆုံးငါးပွဲဆက် ရှုံးနိမ့်ထားပါတယ်။ တကယ်လို့ ဒီပွဲမှာသာထပ်ရှုံးပြီး ဂိုးမသွင်းနိုင်ဘူးဆိုရင် ဒါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လိဂ် ၆ ပွဲဆက်တိုက် သွင်းဂိုးမရှိ၊ ရှုံးပွဲဆက်မှု ဖြစ်လာနိုင်လို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုလည်း လက်လွှတ်လိုက်ရနိုင်ပါတယ်။
 
ပြီးခဲ့တဲ့လ၊ ရိုဆင်နီယာကို ရာထူးမှထုတ်ပယ်ပြီးနောက် မက်ဖာလိန်းက အသင်းကို ပြန်လည်တည်ငြိမ်အောင် ထိန်းကျောင်းပေးခဲ့ပါတယ်။ သူက အသင်းအတွက် လိုအပ်နေတဲ့ အိုင်ဒီယာသစ်တွေကို အကောင်အထည်ဖော်နေပြီး ကစားသမားတွေကိုလည်း သင်ကြားပြသရတာ လွယ်ကူတယ်လို့ ဆိုပါတယ်။ 
 
"ဝင်ဘာလေမှာကစားခဲ့တဲ့ လိဒ်နဲ့ပွဲစဉ်မှာ ကစားသမားတွေ တကယ်ခြေစွမ်းပြခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ လိဒ်က ခက်ခဲတဲ့ပြိုင်ဘက်ပါ။ သူတို့က ခြေစွမ်းကောင်းနေသလို ခြိမ်းခြောက်မှုတွေလည်း အများကြီး ပြုလုပ်နိုင်ပေမဲ့ ကျွန်တော်တို့ကတော့ အဲဒါတွေကို ကောင်းကောင်းတားဆီးနိုင်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။
 
"ကစားသမားတွေက သင်ကြားပြသရတာ တကယ်လွယ်ပါတယ်။ သူတို့ဟာ အရင်နည်းဗျူဟာပိုင်း အသားပေးကစားတဲ့ ပုံစံတွေနဲ့ အောင်မြင်မှုတွေ အများကြီး ရရှိဖူးထားပါတယ်။ ဒါကြောင့်လည်း သူတို့က အချက်အလက်သစ်တွေကို လက်ခံဖို့ အမြဲအဆင်သင့်ဖြစ်နေကြတာပါ။ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး သူတို့မှာ ကိုယ်ပိုင်အမြင်တွေ၊ သဘောထားတွေ ရှိကြပေမဲ့ သူတို့နဲ့အတူတူလက်တွဲလုပ်ရတာ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်။" 
 
"ကျွန်တော်တို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါတိုင်း သူတို့က ယုံယုံကြည်ကြည်နဲ့ လက်ခံကြပါတယ်။ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ သုံးပွဲအတွင်းမှာ နည်းဗျူဟာပိုင်းအပြောင်းအလဲတွေ အများကြီးလုပ်ခဲ့ပေမဲ့ သူတို့က အကုန်လုံးကို လိုက်ပါလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့က သင်ကြားရတာ အရမ်းလွယ်တဲ့သူတွေပါ" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 
နော်တင်ဟမ်ဖောရက်စ်က ၂၀၂၂ ခုနှစ်၊ ပရီးမီးယားလိဂ်ဆီ တန်းတက်လာပြီးနောက်ပိုင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မရှုံးနိမ့်သေးပါဘူး။ ဒါပေမဲ့ သူတို့က အခုသီတင်းပတ်အတွင်းကစားရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ဆီ အာရုံစိုက်နေနိုင်ပါတယ်။ သူတို့က အက်စတွန်ဗီလာကို ပထမအကျော့အိမ်ကွင်းမှာ ၁-၀ ဂိုးဖြင့် အနိုင်ရထားပါတယ်။