ကာရစ်အတွက်ဆိုရင် ကွင်းထဲမှာ အသက်ပေးပြီးတောင် ကစားပေးမယ်လို့ဆိုလာတဲ့ မိုင်နူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကော်ဘီမိုင်နူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မေလ ၃ ရက်) က လီဗာပူးကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီမီယံလိဂ်ပွဲစဉ်အပြီးမှာ ယာယီနည်းပြ မိုက်ကယ်ကာရစ်ကို အပြည့်အဝ ထောက်ခံကြောင်း အရိပ်အယောင်တွေ ပြသလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် မိုင်နူးဟာ အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမယ့် အနိုင်ဂိုးကို ယူနိုက်တက်အတွက် သွင်းယူပေးခဲ့တာပါ။
အသက် ၄၄ နှစ်အရွယ် ကာရစ် တာဝန်ယူပြီးကတည်းက ယူနိုက်တက်ဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး ပရီမီယံလိဂ် ၁၄ ပွဲမှာ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၂ ပွဲသာ ရှုံးနိမ့်ထားပါတယ်။
ကာရစ်လက်ထက်မှာ ပွဲထွက်လူစာရင်းထဲ ပြန်ပါလာတဲ့ မိုင်နူးက ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ သူ့ရဲ့နည်းပြကို ချီးကျူးစကားတွေ အများကြီး ပြောခဲ့ပါတယ်။
“အခြေအနေတွေကို ပြောင်းလဲနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဒါဟာ ကစားသမားအားလုံးနဲ့ နည်းပြရဲ့ ကြိုးစားမှုကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလောက်နဲ့ မတင်းတိမ်သေးပါဘူး၊ ရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ဖို့ လိုပါသေးတယ်” လို့ သူက ဆိုပါတယ်။
အသင်းထဲ ပြန်ပါလာပြီး ဒီနေ့ပွဲမှာ ပါဝင်ခွင့်ရတဲ့အပေါ် “ဘောလုံးမကစားရတဲ့အချိန်တိုင်းကတော့ ခက်ခဲတာပေါ့။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး အရှေ့ကိုပဲ ကြည့်ပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ကာရစ်နဲ့ ပတ်သက်ပြီး “သူက အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပါ။ ကစားသမားအားလုံးကို ယုံကြည်မှုတွေ အပြည့်ပေးပါတယ်။ သူ့ရဲ့နောက်ကို လိုက်ချင်စိတ်၊ သူ့အတွက် တိုက်ပွဲဝင်ချင်စိတ်တွေ ရှိလာအောင် လုပ်ပေးနိုင်သလို သူ့အတွက်ဆိုရင် ကွင်းထဲမှာ အသက်ပေးပြီး ကစားချင်စိတ်တောင် ပေါက်ရပါတယ်” လို့ မိုင်နူးက ပြောပါတယ်။
ပထမပိုင်း စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့လည်း “ဒီလို ထူးခြားတဲ့ ပွဲကြီးပွဲကောင်းမှာ ဂိုးတွေနဲ့အတူ ပါဝင်ခွင့်ရလို့ ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။
အသင်းကြီးအတွက် ပထမဆုံးဂိုးကို ကွင်းအတွင်း သွင်းယူနိုင်ခဲ့တဲ့အပေါ် “မိသားစုဝင်တချို့ကိုလည်း ပရိသတ်တွေထဲမှာ မြင်ခဲ့ရပါတယ်။ ကစားခွင့်ရတာရော၊ ဂိုးသွင်းနိုင်တာရောက ကျွန်တော့်အတွက်တော့ ကောင်းချီးတစ်ခုပါပဲ။ အရင်က ဒီကွင်းရဲ့ ထောင့်တစ်နေရာမှာ ထိုင်ပြီး ကြည့်ခဲ့ရတာပါ။ အခုလို အနေအထားမျိုး ရောက်လာတာကို တကယ့်ကို ကျေးဇူးတင်မိပါတယ်။ ဒါတွေက ကျွန်တော် အမြဲအိပ်မက်မက်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ဒီကလပ်အသင်းမှာ ရှိနေရတာကို ဝမ်းသာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။