ချီဗူးအနေနဲ့ အင်တာမီလန်ကနေ သေချာပေါက် ထွက်ခွာတော့မယ်လို့ ကတ်ဆာနို ဆို
အင်တာမီလန် တိုက်စစ်မှူးဟောင်း အန်တိုနီယို ကတ်ဆာနိုကတော့ နည်းပြ ခရစ္စတီယန် ချီဗူးအနေနဲ့ အင်တာမီလန်အသင်းမှာ ရေရှည် ဆက်ရှိနေမှာမဟုတ်ဘူးလို့ မြင်နေပါတယ်။
ကတ်ဆာနိုဟာ ချီဗူးရဲ့ ကစားကွက်ပုံစံကို သဘောကျသူတစ်ဦး ဖြစ်ပေမဲ့ အခုလက်ရှိ အင်တာ (လူငယ်) အသင်းနည်းပြဟာ စီးရီးအေမှာ စိတ်ပျက်စရာတွေ ကြုံလာရလိမ့်မယ်လို့ ယုံကြည်နေတာပါ။
"ပြီးခဲ့တဲ့ ၆ နှစ်အတွင်း စီးရီးအေရဲ့ အကောင်းဆုံးအသင်းက အင်တာမီလန်ပါ" လို့ ကတ်ဆာနိုက ပြောကြားခဲ့ပေမဲ့ "ဒါပေမဲ့ အင်ဇာဂီလက်ထက်မှာတော့ သူတို့က ဆိုးဆိုးရွားရွား ဖြစ်နေပြီး စီးရီးအေဖလား ၃ လုံးလောက်ကို အလဟဿ အဆုံးရှုံးခံခဲ့ရတယ်။ ကစားကွက်ပိုင်းအရဆိုရင်တော့ အကောင်းဆုံးအသင်းက အတ္တလန္တာပါ" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက "ချီဗူး ကိုင်တွယ်တဲ့ အင်တာအသင်းကို ကျွန်တော် သဘောကျတယ်၊ သူကတော့ အီတလီကနေ ထွက်ခွာဖို့ ကံပါလာပြီးသားပါ။ ခရစ္စတီယန်က ပိုပြီး ဥရောပဆန်တဲ့ ဘောလုံးကစားကွက်မျိုးကို ဖော်ဆောင်ချင်နေတာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် ကတ်ဆာနိုက အင်တာမီလန် တိုက်စစ်မှူးလေး ဖရန်ချက်စကို ပီယို အက်စပိုစီတိုရဲ့ ကမ္ဘာ့ဖလား ရွေးချယ်ခံရနိုင်ခြေအပေါ်မှာလည်း မှတ်ချက်ပေးခဲ့ပါသေးတယ်။
"သူက အသက် ၂၀ တောင် ရှိနေပြီ၊ သူ့ကို လူသစ် တစ်ယောက်လို့ပဲ ကျွန်တော်တို့က သတ်မှတ်နေကြတာလား။ တော့တီနဲ့ ကျွန်တော်ဆိုရင် အသက် ၁၇ နှစ်မှာတင် ပွဲဦးထွက် ကစားခဲ့တာပါ၊ အဲဒီအချိန် လက်ရွေးစင်အသင်းမှာ ထိပ်တန်းချန်ပီယံ ကစားသမားကြီးတွေ အများကြီးရှိနေတာတောင်မှပေါ့" လို့ ၎င်းက ဆိုပါတယ်။
"ပီယိုက တကယ်ပဲ ခြေစွမ်းပြနေတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ သူက အင်တာမှာ ပွဲထွက်ကစားသမား မဟုတ်သေးဘူး၊ သူ့ကို ဖိအားတွေအောက်မှာ ဘယ်လိုကစားမလဲဆိုတာ ကျွန်တော် မြင်ချင်ပါသေးတယ်" လို့လည်း ကတ်ဆာနိုက ပြောကြားခဲ့ပါတယ်။