The network connection is lost.

Banner Image

ကစားသမားဘဝအတွေ့အကြုံတွေကို အသုံးချပြီး အင်တာမီလန်ကို စီးရီးအေချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ချီဗူး

ပါးမားကို အိမ်ကွင်းမှာ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ သင်္ချာနည်းအရ အသင်းသမိုင်းတလျှောက် ၂၁ ကြိမ်မြောက်စီးရီးအေချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အင်တာမီလန်နည်းပြချီဗူးက အခုအောင်ပွဲအတွက် သူ့ရဲ့ ကစားသမားဘဝအတွေ့အကြုံတွေကို အသုံးချခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း မီလန်မြေမှာ နည်းပြဖြစ်လာတဲ့ အသက်-၄၅ နှစ်အရွယ်ချီဗူးက အင်တာမီလန်မှာ ကစားသမားအဖြစ် ခုနစ်ရာသီကြာ ဖြတ်သန်းခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်၊ မော်ရင်ဟိုလက်အောက် သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲရယူချိန်မှာလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အမှတ်ပေးချန်ပီယံဆုကို လက်တစ်ကမ်းအလိုမှ ဆုံးရှုံးခဲ့ရသလို ပီအက်စ်ဂျီကိုလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ငါးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ခါးသီးတဲ့အတွေ့အကြုံတွေကိုပိုင်ဆိုင်ထားတဲ့အသင်းဆီ ချီဗူးရောက်ရှိလာခဲ့ပါတယ်။

"ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး တစ်ခါတလေ ချော့တစ်လှည့်၊ ခြောက်တစ်ခါ လုပ်ပေးဖို့ လိုအပ်နေတဲ့ ဒီကစားသမားလေးတွေကို ကူညီပေးခဲ့တယ်" လို့ ချီဗူးက DAZN Italia ကို ပြောပါတယ်။ "အသင်းအများကြီးရဲ့ အဝတ်လဲခန်းတွေထဲမှာ ကျွန်တော် ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချဖို့ ကြိုးစားခဲ့သလို ကစားသမားဘဝတုန်းက ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမှားမျိုးတွေကိုလည်း ထပ်မလုပ်မိအောင် ကြိုးစားခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး "ကျွန်တော်က ကစားသမားတွေအပေါ် စာနာနားလည်ပေးဖို့ ကြိုးစားပါတယ်။ ပြင်ပဝေဖန်သူတွေရဲ့အမြင်ကို သိပ်အာရုံမစိုက်ဘဲ ကျွန်တော့်အပေါ်ချစ်ခင်အားပေးသူတွေရဲ့ အမြင်တွေကိုပဲ အလေးထားပါတယ်။ ကျွန်တော်က နည်းပြတစ်ဦးဖြစ်နေလို့ အမြဲတမ်းဝေဖန်ခံရဖို့ ဒါမှမဟုတ် ရာထူးမှဖယ်ရှားခံရနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါလိမ့်မယ်။ ဒါက ဒီအလုပ်ရဲ့သဘောသဘာ၀ပါပဲ" လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းက ဒီရာသီ၊ စီးရီးအေပြိုင်ပွဲမှာ ၈၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး နာပိုလီထက် ဂိုး ၃၀ ပိုများနေလို့ ချီဗူးလက်အောက် တိုက်စစ်ဆင်ကစားတဲ့ပုံစံကို ကောင်းကောင်း မြင်တွေ့ခဲ့ရပါတယ်။

"ကျွန်တော်တို့က အမြဲတမ်းတက်တက်ကြွကြွနဲ့ ပွဲကို ထိန်းချုပ်ကစားချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းအပေါ်မူတည်ပြီး ကစားကွက်ဖော်ဆောင်သူ နှစ်ဦးထားတာမျိုး စသဖြင့် မတူညီတဲ့ နည်းဗျူဟာတွေကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ဒါက ပွဲရဲ့အခြေအနေအရပ်ရပ်ကို နားလည်အောင် ကြိုးစားတာလည်း ဖြစ်ပါတယ်" လို့ ရိုမေးနီးယားလူမျိုးနည်းပြက ရှင်းပြပါတယ်။

အင်တာမီလန်အသင်းက ရာသီကုန်ဖို့ ၃ ပွဲအလိုမှာတင် ၈၂ မှတ် ရရှိထားပြီး ဒုတိယနေရာရှိ နာပိုလီကို ၁၂ မှတ်ဖြတ်ထားနိုင်ပါတယ်။ သူတို့က လာမယ့်စနေနေ့မှာတော့ လာဇီယိုနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။