The network connection is lost.

Banner Image

ဘက်စ်တိုနီကိုခေါ်ယူလိုပါက တိုက်ရိုက်ဆက်သွယ်ကြဖို့ ပြတ်ပြတ်သားသားပြောကြားလိုက်တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းရဲ့ အကြီးအကဲ အော်စီလီယိုက အလက်ဇန်းဒရိုး ဘက်စတိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေအနေနဲ့ မီဒီယာတွေကတစ်ဆင့် ကောလာဟလတွေဖြန့်ပြီး ဆွေးနွေးတာမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

အီတလီနောက်ခံလူ ဘက်စတိုနီဟာ အခုလအတွင်းမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အော်စီလီယိုက "ဘက်စတိုနီကို ခေါ်ချင်တဲ့သူရှိရင် ကျွန်တော်တို့ဆီကို တိုက်ရိုက် ဆက်သွယ်စကားပြောပါ။ ဟိုဟိုဒီဒီ လျှောက်ပြောနေတာမျိုး မလုပ်ပါနဲ့" လို့ ပြောကြားခဲ့ပါတယ်။

"သူ ဒီနွေရာသီမှာ အသင်းက ထွက်ခွာမယ်ဆိုတဲ့ အစအနတောင် မရှိပါဘူး။ ကျွန်တော်တို့ကတော့ ဘက်စတိုနီရဲ့ စွမ်းဆောင်ရည်အပေါ် အများကြီး ကျေနပ်အားရသလို လာမယ့်ရာသီမှာလည်း သူဟာ အသင်းနဲ့အတူ အဆင့်မြင့်တဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသသွားနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့လည်း သူက ဆိုပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ ဘက်စတိုနီကို ရောင်းချမယ်ဆိုရင် ယူရို သန်း ၆၀ ကနေ ၇၀ ကြား အလိုရှိနေတယ်လို့ ခန့်မှန်းရပြီး အဆိုပါ နောက်ခံလူဟာ ဘော့စနီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်မှာ အနီကတ်ပြ အထုတ်ခံခဲ့ရတာကြောင့် အီတလီမှာ ဝေဖန်မှုတွေ အပြင်းအထန် ခံနေရပါတယ်။

ဒါ့အပြင် ဘက်စတိုနီဟာ အဆိုပါပွဲ မတိုင်ခင် အပတ်အနည်းငယ်ကလည်း ဂျူဗင်တပ်စ်နဲ့ပွဲမှာ ပီယာရီ ကာလူလူ အနီကတ်ပြခံရတာကို အောင်ပွဲခံခဲ့တာကြောင့် ပရိသတ်အများအပြားရဲ့ စိတ်ပျက်ငြိုငြင်မှုကို ခံခဲ့ရပါသေးတယ်။