အင်တာမီလန်မှာ စာချုပ်သစ်ထပ်မံရရှိတော့မယ့် ချီဗူး
အင်တာမီလန်နည်းပြချီဗူးက အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖွယ် ရှိပါတယ်။
လက်ရှိမှာ အင်တာမီလန်အသင်းက စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရာသီကုန်ဖို့ ၆ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဒုတိယနေရာရှိ နာပိုလီကို ၉ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ကိုပါအီတလီဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် တက်လှမ်းထားနိုင်ပြီး ပထမအကျော့မှာ ဂိုးမရှိသရေကျခဲ့တဲ့ ကိုမိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရပါမယ်။
အင်တာမီလန်အသင်းစီမံခန့်ခွဲမှုပိုင်းက အသင်းကို စတင်တာဝန်ယူတဲ့ ပထမဆုံးရာသီမှာတင် ဒီရိုမေးနီးယားလူမျိုးနည်းပြရဲ့စွမ်းဆောင်ရည်အပေါ် အထူးသဘောကျနေပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် အခုကတည်းက စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Gazzetta dello Sport သတင်းစာရဲ့ဖော်ပြချက်အရ ချီဗူးရဲ့လက်ရှိစာချုပ်မှာ တစ်နှစ်ကျန်ရှိနေသေးပေမဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ချုပ်ဆိုဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဒီစာချုပ်မှာ နောက်ထပ် တစ်ရာသီ ထပ်တိုးခွင့်အချက်အလက် ပါဝင်ဖို့ရှိသလို လစာငွေကိုလည်း အရင်ထက် သိသိသာသာ တိုးမြှင့်ပေးထားပါတယ်။
လက်ရှိအခြေအနေတွေအရ အင်တာမီလန်တာဝန်ရှိသူတွေနဲ့ နည်းပြဖြစ်သူတို့က စီးရီးအေချန်ပီယံဆုကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ချိန်အထိ စောင့်ဆိုင်းပြီးမှသာ စာချုပ်ကိစ္စကို အပြီးသတ်လုပ်ဆောင်ပြီး လူသိရှင်ကြားတရားဝင်ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။