စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် အသင်းဖော် ဘာရယ်လာကို ချီးကျူးပြောဆိုလာတဲ့ သူရမ်
စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ အောင်ပွဲအပြီးမှာတော့ တိုက်စစ်မှူး မားကပ်စ်သူဟမ်က သူ့ရဲ့အသင်းဖော် နီကိုလိုဘာရယ်လာကို အလွန်အမင်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မေလ ၃ ရက်) က ပါးမားအသင်းကို အနိုင်ယူပြီးနောက် အင်တာမီလန်အသင်းဟာ ရာသီကုန်ဖို့ ၃ ပွဲအလိုမှာတင် စီးရီးအေ ချန်ပီယံဆုကို အပိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အီတလီကလပ် အင်တာမီလန်ရဲ့ သမိုင်းတစ်လျှောက် ၂၁ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အသက် ၂၈ နှစ်အရွယ် သူဟမ်က ပထမပိုင်းပြီးခါနီးမှာပဲ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဝါရင့်ကွင်းလယ်လူ ဟင်းနရစ်မြစ်ခီတာရီယန်ကတော့ ပွဲချိန် မိနစ် ၈၀ မှာ ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ အသက် ၂၉ နှစ်အရွယ် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘာရယ်လာက ရရှိသွားခဲ့ပြီး သူဟမ်ကတော့ သူ့ရဲ့အသင်းဖော်အပေါ် ချီးကျူးစကားတွေ အတောမသတ် ပြောကြားခဲ့ပါတယ်။ သူဟမ်က DAZN Italia နဲ့ အင်တာဗျူးမှာ "ဘာရယ်လာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ၊ သူ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အင်တာမီလန်နဲ့ အီတလီအသင်းအတွက်လည်း သူက အများကြီး ကူညီပေးနိုင်သူပါ။ ကျွန်တော့်အမြင်အရတော့ သူဟာ အကောင်းဆုံး အီတလီကစားသမားပါပဲ။ တချို့လူတွေက သူ့အပေါ် ဘာလို့ သံသယဝင်နေကြတာလဲဆိုတာ ကျွန်တော် လုံးဝ နားမလည်နိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ဆက်လက်ပြီး "သူက ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ စိတ်အားထက်သန်မှု အပြည့်ရှိသူဖြစ်သလို ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ယောက်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ ကျွန်တော် အင်တာမီလန်ကို ရောက်ကတည်းက ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အမြဲတမ်း စည်းစည်းလုံးလုံး ရှိလှတဲ့ အသင်းတစ်သင်းကို တွေ့ခဲ့ရတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အားသာချက်ပါပဲ" လို့လည်း ဆိုခဲ့ပါတယ်။