လာမယ့်ရာသီအတွက် အေစီမီလန်မှာ ဆက်ရှိမလားဆိုတဲ့အပေါ် လူကာမိုဒရစ် အရိပ်အမြွက် ပြောကြား
လူကာမိုဒရစ်ဟာ လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရက်သတ္တပတ်အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာ အေစီမီလန်အသင်းက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆန်စီရိုမှာရှိတဲ့ သူ့ရဲ့စာချုပ်ဟာ ဒီရာသီအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ စာချုပ်ထဲမှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ အခွင့်အရေးတော့ ရှိနေပါသေးတယ်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ခရိုအေးရှားကွင်းလယ်လူဟာ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ လက်အောက်မှာ အရေးပါတဲ့ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ကစားသမားဘဝထဲကို နောက်ထပ် ဆုဖလားသစ်တွေ ထပ်မံဖြည့်ဆည်းရင်း ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အာရုံစိုက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ အသင်းကို ပြောင်းရွှေ့လာချိန်ကစလို့ ဘလွန်းဒီအောဆုရှင်ဟောင်းဟာ အဆင့်မြင့်ခြေစွမ်းတွေကို ဆက်တိုက်ပြသနိုင်ခဲ့တာပါ။
Sportmediaset နဲ့ အင်တာဗျူးမှာတော့ မိုဒရစ်က စကားကို ထိန်းထိန်းသိမ်းသိမ်းပဲ ပြောဆိုခဲ့ပေမဲ့ ကလပ်အသင်း၊ ပရိသတ်တွေနဲ့ သူကြားက ခိုင်မာတဲ့ ဆက်ဆံရေးကိုတော့ အရိပ်အမြွက် ပြောပြသွားခဲ့ပါတယ်။ "ကျွန်တော် ပြောနိုင်တာကတော့ မီလန်မှာ ရှိနေရတာ အရမ်းပျော်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အရေးကြီးဆုံးက တနင်္ဂနွေနေ့မှာ ကစားမယ့် ကာဂလီယာရီနဲ့ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ပါပဲ။ ကျန်တဲ့ကိစ္စတွေကတော့ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်ဟာ ကလပ်အသင်း၊ စီမံခန့်ခွဲသူတွေ၊ နည်းပြတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ မီလန်ကို ကျွန်တော်ရွေးချယ်ခဲ့တာက အသင်းကို ကူညီဖို့နဲ့ ဆုဖလားတွေ ရယူဖို့ပါ။ ဒီနှစ်မှာတော့ အဲဒီလို ဖြစ်မလာခဲ့ပေမဲ့ မီလန်နဲ့အတူ ဆုဖလားတစ်ခုခု ရယူချင်တာကတော့ အသေအချာပါပဲ။ ထပ်ပြောရရင် အခုလောလောဆယ်မှာတော့ တနင်္ဂနွေနေ့ပွဲစဉ်ကိုပဲ အာရုံစိုက်ထားပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။