ရာသီကုန်မှာ နာပိုလီကနေ ထွက်ခွာပြီး အီတလီအသင်းနည်းပြရာထူးကို ရယူဖို့ ပြင်ဆင်နေတဲ့ ကွန်တီ
နာပိုလီအသင်းနည်းပြ အန်တိုနီယိုကွန်တီဟာ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ မျှော်လင့်နေတာကြောင့် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
အီတလီနိုင်ငံကလာတဲ့ သတင်းတွေအရ ကွန်တီဟာ နာပိုလီအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့လည်း ခြေစွမ်းပိုင်းပိုင်းအရ အားရစရာမကောင်းခဲ့တဲ့ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။
ကွန်တီဟာ အီတလီအသင်းနည်းပြရာထူးကို မျက်စိကျနေတာကြောင့် သူနဲ့ နာပိုလီဥက္ကဋ္ဌ ဒီလောရန်တစ်တို့ဟာ ပြီးခဲ့တဲ့ ဧပြီလလယ်က တွေ့ဆုံစဉ်မှာတင် လမ်းခွဲဖို့ ကြိုတင်ဆုံးဖြတ်ခဲ့ကြပြီးသား ဖြစ်ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မှာ ဘော့စနီးယားအသင်းကို ပင်နယ်တီ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက် လွဲချော်ခဲ့ရပြီး ဒါဟာ လက်ရွေးစင်အသင်းအတွက် တကယ့်ကို အရှက်ရစရာ အခြေအနေတစ်ခု ဖြစ်နေပါတယ်။
အီတလီအသင်းသစ်ကို ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတဲ့ ကွန်တီဟာ မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့မှာ ကစားမယ့် အူဒီးနီးစ်နဲ့ပွဲစဉ်ကို နာပိုလီအတွက် နောက်ဆုံးအဖြစ် ကိုင်တွယ်သွားမှာပါ။ ဒီပွဲမှာ နာပိုလီအသင်းအနေနဲ့ အမှတ်ပေးဇယားမှာ အင်တာမီလန်ရဲ့နောက် ဒုတိယနေရာမှာ အဆုံးသတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
အီတလီလူမျိုးနည်းပြကြီးဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ ဘယ်လိုရလဒ်တွေပဲရရ၊ ဘယ်လိုပန်းတိုင်တွေပဲ ရောက်ရောက် သူဟာ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက သဘောတူညီမှု ရထားပြီးသားဖြစ်တယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။
စီးရီးအေ ဂန္ထဝင်နည်းပြ မော်ရီဇီယို ဆာရီဟာ နာပိုလီအသင်းမှာ အစားထိုးဝင်ရောက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမဲ့ မီလန်နည်းပြ အယ်လီဂရီကလည်း ရွေးချယ်စရာစာရင်းထဲမှာ ပါဝင်နေတာကြောင့် လာမယ့်လတွေအတွင်း နာပိုလီအသင်းရဲ့ နည်းပြအပြောင်းအလဲဟာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလာနိုင်ပါတယ်။