ဘတ်စတိုနီရဲ့ အင်တာမီလန် အနာဂတ်အပေါ် ချီဗူး သံသယရှိနေ
အင်တာမီလန်နည်းပြ ခရစ်ရှန်ချီဗူးက နွေရာသီအပြောင်းအရွှေ့ကာလမှာ အလက်ဇန္ဒရို ဘတ်စတိုနီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် အာမမခံနိုင်ဘူးလို့ ဆိုပါတယ်။ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာပါ ခက်ခဲတဲ့ ရက်သတ္တပတ်အချို့ကို ဖြတ်သန်းခဲ့ရတဲ့ အီတလီနောက်ခံလူ ဘတ်စတိုနီကို ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေတာပါ။ ရာသီကုန်မှာ ဘတ်စတိုနီ ရောင်းထုတ်ခံရနိုင်ခြေရှိတယ်ဆိုတာကိုလည်း နည်းပြဖြစ်သူက ငြင်းဆိုခြင်းမရှိပါဘူး။
"သူ့ရဲ့အနာဂတ် ဒါမှမဟုတ် သူဘာလုပ်ချင်လဲဆိုတာကို ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး။ သူ အင်တာမီလန်မှာ ရှိနေရတာကို ပျော်ရွှင်နေပြီး ဒီလိုကောင်းမွန်တဲ့ အစုအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေရတာကို သဘောကျနေတယ်ဆိုတာပဲ ကျွန်တော် သိပါတယ်" လို့ ချီဗူးက မှတ်ချက်ပေးခဲ့ပါတယ်။ "သူက အမြဲတမ်း အစွမ်းကုန် ပေးဆပ်ကစားလေ့ရှိတယ်၊ ဒါကပဲ ကျွန်တော့်အတွက် အရေးကြီးတာပါ။ တကယ်တော့ သူဒီမှာရှိနေသရွေ့ ကျွန်တော်တို့အတွက် ရာနှုန်းပြည့်ထက်ပိုပြီး ပေးဆပ်ကစားသွားမှာပါ။ အဲဒါက နှစ်လပဲဖြစ်ဖြစ်၊ နှစ်နှစ်ပဲဖြစ်ဖြစ်ပေါ့..."
"ဒါ့အပြင် သူက သန်မာပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချရမလဲဆိုတာ သိပါတယ်။ သူ ဘာပဲလုပ်လုပ် ကမ္ဘာ့ဘောလုံးလောကမှာ အရည်အသွေးမြင့် ကစားသမားတစ်ယောက် အမြဲရှိနေမှာပါ။ သူ ဒီမှာ ဆက်ရှိနေရင် ကျွန်တော် ဝမ်းသာမှာဖြစ်သလို၊ ကျွန်တော်ကိုယ်တိုင် ဆက်ရှိနေရရင်လည်း ဝမ်းသာမှာပါ။ ဒါတွေက နည်းပြတစ်ယောက်အတွက် ဘောလုံးလောကရဲ့ မရေရာမှုတွေပါပဲ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။