The network connection is lost.

Banner Image

ဆံပင်မညှပ်စတန့်ထွင်နေတဲ့ ယူနိုက်တက်ပရိသတ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လာတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ဝိန်းရွန်နီဟာ ဆံပင်မညှပ်စတန့်ထွင်နေတဲ့ ဖရန့်အိုင်လက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မွန်းလွဲပိုင်းက စပါးအသင်းကို ၂-၀ နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ဟာ ၅ ပွဲဆက်တိုက်အနိုင်ရဖို့ တစ်ပွဲအလိုကို ရောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂါနေ့ညက ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲမှာ သရေကျခဲ့တာကြောင့် အနိုင်ရလဒ် အစဉ်အဆက်ဟာ အစကနေ ပြန်စရတော့မှာ ဖြစ်ပါတယ်။

ဖရန့်အိုင်လက်ဟာ ယူနိုက်တက် ၅ ပွဲဆက်တိုက် မနိုင်မချင်း ဆံပင်မညှပ်ဘူးလို့ ကတိပြုထားသူဖြစ်ပြီး ဒီအစီအစဉ်ကြောင့် တစ်ကမ္ဘာလုံးက သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူခဲ့ပါတယ်။ တကယ်တမ်း ဒီလို ၅ ပွဲဆက်နိုင်ဖို့ဆိုတာ နောက်ထပ် တစ်နှစ်လောက်တောင် ကြာသွားနိုင်တဲ့ အနေအထားပါ။

ပရိသတ်အတော်များများကတော့ အိုင်လက်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေကြပြီး သူဟာ အသင်းကို တကယ်ချစ်တာထက် လူအများရဲ့ အာရုံစိုက်မှုကို ခံချင်နေသူဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ရွန်နီကတော့ No Tippy Tappy Football ပေါ့တ်ကတ်စ်မှာ ဆံပင်တွေပဲ ရှည်လာပြီး ဘာမှထူးမလာတဲ့ ပရိသတ်တွေအကြောင်းကို အခုလို ပြောပြလာခဲ့တာပါ။

“သူ့ကို တိုင်းပြည်ရဲ့ တခြားတစ်ဖက်ကိုပဲ ပို့ထားလိုက်ချင်တော့တယ်။ သူက ကျွန်တော့်ကို တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်တော်တို့က မိုက်ကယ်ကာရစ်နဲ့ မန်ယူအသင်း ၅ ပွဲဆက်တိုက်နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောနေချိန်မှာ အားလုံးက ဒီလူ ဆံပင်ညှပ်မလားဆိုတာကိုပဲ အာရုံရောက်နေကြတယ်။ တကယ်လို့ မန်ယူသာ နိုင်သွားခဲ့ရင် သူ တော်တော် စိတ်ပျက်သွားလိမ့်မယ်လို့ ကျွန်တော် လောင်းရဲတယ်၊ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကျရင် သူ့ကို ဘယ်သူမှ ဂရုစိုက်တော့မှာ မဟုတ်လို့ပဲ” လို့ ရွန်နီက ဆိုပါတယ်။

သူ နောက်ဆုံးဆံပင်ညှပ်ခဲ့တာက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကဖြစ်ပြီး ယူနိုက်တက်က ပေါ်တိုနဲ့ ယူရိုပါလိဂ်မှာ ၃-၃ သရေကျပြီး ၂ ရက်အကြာ၊ ဗီလာနဲ့ ဂိုးမရှိသရေမကျခင် ၁ ရက်အလိုမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာလည်း မိုက်ကယ်ကာရစ်ဟာ အဲဒီဆံပင်မညှပ်တဲ့စိန်ခေါ်မှု (United Strand challenge) နဲ့ ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရပါသေးတယ်။

“ဒီအကြောင်းကို ကျွန်တော် သိပါတယ်။ အထူးသဖြင့် ကျွန်တော့်ကလေးတွေက ပြောပြလို့ သိရတာပါ။ ဒါပေမဲ့ ဒါက ပရော်ဖက်ရှင်နယ်အဆင့်မှာတော့ အသင်းကို ပြောရမယ့်အထဲမှာ မပါပါဘူး။ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါက ပြုံးစရာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပွဲရလဒ်အပေါ် ဘာသက်ရောက်မှုမှ ရှိလာမှာမဟုတ်ပါဘူး” လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။