The network connection is lost.

Banner Image

ဂိုးတွေအတွက် အသင်းရဲ့တိုက်စစ်မှူး ဆက်စကိုအပေါ် အားကိုးလို့ရကြောင်း အခိုင်အမာပြောကြားလာတဲ့ လမ်မန်းစ်

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဆန်နီလန်းမန်းစ်က တိုက်စစ်မှူး ဘင်ဂျမင်ဆက်စကိုအပေါ် အသင်းက ဘယ်လောက်အထိ ယုံကြည်မှုရှိတယ်ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းက တန်းမဆင်းရရေးအတွက် အရေးပါတဲ့ ၃ မှတ်ကို ရယူဖို့ ကြိုးစားနေချိန်မှာ ဆက်စကိုက လူစားဝင်လာပြီး ပွဲကစားချိန် ၉၆ မိနစ်မှာ ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် လန်ဒန်စတေဒီယံမှာ ယူနိုက်တက်တို့ ၁-၁ နဲ့ သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ပွဲက ဖူဟမ်နဲ့ပွဲမှာလည်း အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဆက်စကိုဟာ အခုဆိုရင် အဆင့် ၄ အတွင်းဝင်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်တို့အတွက် ကယ်တင်ရှင်တစ်ယောက်လို ဖြစ်လာနေပါပြီ။ ဆက်စကိုဟာ ယာယီနည်းပြ မိုက်ကယ်ကားရစ်လက်ထက်မှာ ပွဲထွက်ကစားသမားအဖြစ် တစ်ကြိမ်မှ မပါဝင်ရသေးသလို နွေရာသီက အသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လန်းမန်းစ်က ပရီးမီးယားလိဂ် ၂၂ ပွဲကစားပြီး ၆ ဂိုးသာ သွင်းယူထားနိုင်တဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးလေးကို အခုလို ချီးကျူးစကား ဆိုခဲ့ပါတယ်။ "တကယ်တော့ သူက ပွဲထွက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီရာသီတစ်လျှောက်လုံး ဒီလိုပုံစံမျိုးပါပဲ။ ပွဲထွက်ခွင့်မရတဲ့အချိန်တွေမှာတောင် သူက အသင်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သူကိုယ်တိုင်လည်း သိပါတယ်။ ဒီနေ့ပွဲနဲ့ ဖူဟမ်ပွဲတွေက ဒါကို သက်သေပြနေတာပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဂိုးလိုနေတဲ့အချိန်တိုင်း သူ့ကို အမြဲအားကိုးလို့ရပါတယ်။ ဒါကြောင့်လည်း သူက ဒီနေ့မှာ အရေးပါခဲ့တာပါ။ သူက သူ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ တကယ်လို့ သူ ပွဲထွက်ခွင့်ရရင်လည်း ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ကျွန်တော်သေချာပေါက် ယုံကြည်ပါတယ်။ ဘယ်လိုအခြေအနေမှာမဆို သူ့ကို အားကိုးလို့ရနေတာဟာ တကယ့်ကို ကောင်းမွန်တဲ့အချက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ပွဲကစားချိန် နည်းပါးနေပေမဲ့လည်း ဆက်စကိုဟာ လေ့ကျင့်ရေးတွေမှာ အစွမ်းကုန် ကြိုးစားနေခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်တွေက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့မှာ ကစားမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ကားရစ်က သူ့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းလာနိုင်ပါတယ်။

"ကျွန်တော်တို့ တစ်ယောက်အတွက်တစ်ယောက် အစွမ်းကုန် ကြိုးစားပေးနေကြတာပါ။ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် ပွဲတိုင်းကို အနိုင်ရအောင် အရာအားလုံး လုပ်ဆောင်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အဲဒီလိုစွမ်းဆောင်နိုင်တဲ့ အသင်းရှိတယ်လို့ ယုံကြည်လို့ပါပဲ။ ကျွန်တော်တို့မှာ အရည်အချင်းရှိသလို အဲဒီအတွက်လည်း ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ဒီနေ့ပွဲရလဒ်ကတော့ စိတ်မကောင်းစရာ ဖြစ်ခဲ့ရပေမဲ့ နောက်ပွဲအတွက် အာရုံစိုက်ပြီး အနိုင်ရအောင် ကြိုးစားသွားရပါမယ်" လို့ ဆက်စကိုက ဆိုပါတယ်။