ယူနိုက်တက်နဲ့သရေကျခဲ့လို့ စိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ ဝက်စ်ဟမ်းနောက်ခံလူ ဒိုင်ယော့ဖ်
အင်္ဂါနေ့ညက ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ပွဲက အခြေအနေကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ရှေ့ဆက်သွားရမယ်လို့ ဝက်စ်ဟမ်းနောက်ခံလူ အယ်လ်ဟာဂျီ မာလစ်ဒီယုဖ်က ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ ဒီယုဖ်ဖန်တီးပေးမှုကနေ သောမတ်စ်ဆူချက်က ဝက်စ်ဟမ်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စကိုက ချေပဂိုးပြန်သွင်းခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ နိုင်ပွဲရဖို့ မျှော်လင့်ခဲ့ပေမဲ့ ၉၆ မိနစ်ကျမှ သူတို့က ဂိုးသွင်းသွားတာဆိုတော့ ရလဒ်အပေါ် စိတ်ပျက်မိတာ အမှန်ပါပဲ” လို့ ဒီယုဖ်က whufc.com ကို ပြောပါတယ်။ “ယူနိုက်တက်က တကယ်ကို တောင့်တင်းတဲ့အသင်း ဖြစ်တာကြောင့် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိထားပါတယ်။ သူတို့ဟာ ဒီညပွဲမတိုင်ခင်မှာလည်း လေးပွဲဆက်တိုက် အနိုင်ရထားတာကိုလည်း တွေ့ခဲ့ရပါတယ်”။
“ပွဲက တကယ်ကို ခက်ခဲခဲ့ပေမဲ့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ကောင်းမွန်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့အတူ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ လိဂ်မှာ ဆက်ရှိနေဖို့အတွက် အမှတ်တွေ အများကြီး လိုအပ်နေတာမို့ ခြေစွမ်းတည်ငြိမ်မှု ရှိနေဖို့ လိုအပ်ပြီး ဒါအတွက်လည်း ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ”။
“ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားဖို့နဲ့ ဂိုးတွေရလာအောင် ကူညီပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါ။ ကျွန်တော်တို့ အသင်းမှာ ထက်မြက်တဲ့ ကစားသမားတွေ အများကြီးရှိတာကြောင့် ပွဲတိုင်းမှာ ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်ဖို့ ကျွန်တော် အာရုံစိုက်သွားမှာပါ။ ဒီနေ့ပွဲမှာ အသင်းအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခွင့်ရခဲ့လို့ ဝမ်းသာမိသလို အားလုံးလည်း ဆက်လက် ကြိုးစားသွားကြမှာပါ” လို့ ၎င်းက ဆိုပါတယ်။