ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တာဟာ အက်စတွန်ဗီလာရဲ့ တိုးတက်မှုကို သက်သေပြလိုက်တာပဲလို့ မင်းစ် ပြောကြား
အက်စတွန်ဗီလာ နောက်ခံလူ တိုင်ရွန်မင်းစ်က မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အနိုင်ဂိုးအတွက် သူ့ကိုပဲ ဂိုးသွင်းရှင်အဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ဆိုပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲပြီးခါနီး ဂျက်ဟင်ရှယ်ဝုဒ်က မိမိဂိုးကိုယ် ပြန်သွင်းမိခဲ့လို့သာ ဗီလာအသင်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ လုပ်ဆောင်သမျှ အရာတိုင်းဟာ ပရိသတ်တွေအတွက်ပါ၊ ကျွန်တော်တို့ ဒီမှာရှိနေတာ ခဏတာပဲဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို လေးစားပါတယ်၊ ဒီလို အသင်းကြီးမှာ ကစားနေရတဲ့အခါ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က အရမ်းကို မြင့်မားနေတတ်ပြီး ဒါကလည်း ဖြစ်သင့်တဲ့ အရာပါပဲ။ သူတို့ကို အိမ်အပြန်မှာ ခဏခဏ ပျော်အောင် ထားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တာဝန်ကျေပွန်တယ်လို့ ဆိုရမှာပါ” လို့ မင်းစ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မင်းစ်က “ကျွန်တော် ဒီအသင်းကို ရောက်ကတည်းက ကျွန်တော်တို့ဟာ အံ့ဩစရာကောင်းတဲ့ ခရီးစဉ်တစ်ခုကို ဖြတ်သန်းခဲ့ကြတာပါ။ အခုလို အနေအထားမျိုး ရောက်လာတာဟာ ကျွန်တော်တို့နဲ့ ထိုက်တန်တယ်လို့ ခံစားရပြီး အဆင့် (၄) အတွင်း ဝင်နိုင်ဖို့ ကြိုးစားနေတာဟာလည်း ဒါ ပထမဆုံး ရာသီ မဟုတ်တော့ပါဘူး။ တစ်ဆင့်ချင်း တိုးတက်လာဖို့နဲ့ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာဖို့က ကျွန်တော်တို့ လိုလားတဲ့ အရာပါပဲ၊ ချန်ပီယံလိဂ် ဝင်ခွင့်ရတာကြောင့် ရလာမယ့် ဘဏ္ဍာရေး အကျိုးအမြတ်တွေနဲ့ အသင်းအတွက် ရရှိမယ့် အကျိုးကျေးဇူးတွေကိုလည်း လူတိုင်း သိကြပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။