The network connection is lost.

Banner Image

မန်စီးတီးအသင်းမှာ သူရဲ့အစပြုမှုက ပုံပြင်တစ်ပုဒ်လိုပဲလို့ ဆီမင်ညို ဆို

ဖူဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့အတူ သူရဲ့စတင်မှုဟာ "ပုံပြင်တစ်ပုဒ်" လိုပဲလို့ အန်တွမ်နီ ဆီမင်ညိုက တင်စားပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘုန်းမောက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမင်ညိုဟာ လက်ရှိအချိန်အထိ အသင်းအတွက် ၈ ပွဲကစားထားရာမှာ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညက ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂါနာတိုက်စစ်မှူးက "လျှို့ဝှက်ချက်ဆိုတာ ဘာမှမရှိပါဘူး။ အသင်းကောင်းတစ်သင်း၊ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ ပါဝင်ခွင့်ရတာကြောင့်ပါ။ နည်းပြကလည်း တကယ်ကို တော်သလို သူတို့တွေက ကျွန်တော့်အတွက် အသင်းမှာ အသားကျဖို့ လွယ်ကူအောင် ကူညီပေးခဲ့ကြပါတယ်။ အခုချိန်မှာတော့ အရာအားလုံးက ပုံပြင်တစ်ပုဒ်လိုပါပဲ။ နိုင်ပွဲရဖို့က တကယ်ကို အရေးကြီးပါတယ်။ ဒါက လီဗာပူးနဲ့ပွဲပြီးကတည်းက ပြောထားတဲ့အတိုင်းပါပဲ။ ပြီးခဲ့တဲ့ အပတ်စဉ်ပိတ်ရက်မှာ ရခဲ့တဲ့ရလဒ်ကို အကောင်းဆုံး ဆက်ထိန်းထားနိုင်ဖို့ဖြစ်ပြီး အဲဒီပွဲက တကယ့်ကို ခက်ခဲခဲ့ပေမဲ့ ၃ မှတ် ရခဲ့ပါတယ်။ ဒီနေ့လည်း အဲဒီအတိုင်းပဲ ထပ်လုပ်နိုင်ခဲ့လို့ ကျွန်တော် တကယ်ကို ပျော်ပါတယ်" လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး ဆီမင်ညိုက "ဒါက ကျွန်တော့်အတွက်တော့ အသစ်အဆန်းပါ၊ ကျွန်တော် ပျော်နေပါတယ်။ ဒါပေမဲ့ ဖိအားတွေနဲ့ တောင်းဆိုမှုတွေ အများကြီးရှိတာတော့ အမှန်ပါပဲ။ ဒါကို ကျော်ဖြတ်နိုင်တဲ့ အသင်းမျိုး ကျွန်တော်တို့မှာ ရှိနေတာကြောင့် ဒီအတိုင်းပဲ ဆက်သွားဖို့ပဲ လိုပါတယ်။ မနက်ဖြန်ပွဲစဉ်ကိုတော့ အေးအေးဆေးဆေးပဲ ထိုင်ကြည့်သွားမှာဖြစ်ပြီး ရလဒ်က ကျွန်တော်တို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။