ယူနိုက်တက်နဲ့ စာချုပ်ချုပ်ဆိုမယ်ဆိုတဲ့သတင်းတွေကို ကိုင်ရွန်းနီ တုံ့ပြန်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကိုင်ရွန်းနီဟာ သူ့ရဲ့စာချုပ်သစ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။
အသက် ၁၆ နှစ် ပြည့်တော့မယ့် ကိုင်ရွန်းနီဟာ မန်ယူအသင်းနဲ့ ပညာသင်ဆု စာချုပ်ကို အရင်ဆုံး ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အသက် ၁၇ နှစ် ပြည့်မယ့် နောက်နှစ်မှသာ ပရော်ဖက်ရှင်နယ် စာချုပ်ကို အပြီးသတ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ ကိုင်ရွန်းနီရဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ဟာ တစ်နှစ်ကို ပေါင် ၅၀,၀၀၀ ဝန်းကျင်အထိ ရရှိမယ်လို့ ဖော်ပြခဲ့ကြတာပါ။
ဒီပမာဏဟာ လူငယ်ကစားသမား တစ်ဦးအတွက် များပြားလွန်းတာကြောင့် ဘောလုံးလောကအတွင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
မန်ယူဂန္ထဝင် ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်ရူးနီကတော့ အသင်းရဲ့ ပညာသင်ဆု ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို လူမှုကွန်ရက်ကနေတစ်ဆင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ကိုင်ရွန်းနီက သူ့ရဲ့ အင်စတာဂရမ် စတိုရီမှာ "သတင်းတွေကို လျှောက်မယုံကြပါနဲ့" လို့ ရေးသားခဲ့ပြီး ရယ်မောနေတဲ့ အီမိုဂျီ သုံးခုနဲ့အတူ အဆိုပါ သတင်းတွေကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။