ကာရစ်လက်ထက် ယူနိုက်တက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကစားသမား ၄ ဦးအမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ရူဘင် အာမိုရင်ရဲ့ နေရာမှာ မိုက်ကယ်ကာရစ် အစားထိုးဝင်ရောက်လာပြီးနောက်ပိုင်း သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ ယူနိုက်တက်ရဲ့ ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းဟာ သိသိသာသာတိုးတက်လာခဲ့တာဖြစ်ပါတယ်။
ဒါရင်း ဖလက်ချာတစ်ယောက် ယာယီနည်းပြအဖြစ် နှစ်ပွဲကြာ တာဝန်ယူခဲ့ပြီးနောက်မှာတော့ ကာရစ်ဟာ ရာသီကုန်အထိ ယူနိုက်တက်ကို တာဝန်ယူကိုင်တွယ်မယ့် ယာယီနည်းပြအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ အင်္ဂလန်လူမျိုးနည်းပြ ကာရစ်ဟာ အာမိုရင်ရဲ့ ၁၄ လတာ သက်တမ်းအတွင်း ဖရိုဖရဲဖြစ်ခဲ့ရတဲ့ အသင်းကို အချိန်တိုအတွင်း ပြန်လည်စုစည်းပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
ကာရစ်ဟာ သူရဲ့ ပထမဆုံးပွဲစဉ်မှာတင် နည်းပြ ပက်ဂွာဒီယိုလာကို အကွက်မြင်မြင်နဲ့ အနိုင်ယူပြီး မန်ချက်စတာစီးတီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်အသင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြခဲ့ပြီး ယူနိုက်တက်ကို အမှတ်ပေးဇယား အဆင့် (၄) နေရာအထိ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ပတ်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ဖူဟမ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ထပ်မံအနိုင်ယူနိုင်ခဲ့တာကြောင့် ကာရစ်ဟာ သူတာဝန်ယူခဲ့တဲ့ သုံးပွဲစလုံးမှာ အနိုင်ရလဒ် ရရှိထားတာပါ။ လက်ရှိမှာတော့ ယူနိုက်တက်ပရိသတ်တွေကြား အသင်းအပေါ် ယုံကြည်မှုတွေ ပြန်လည်မြင့်တက်နေပြီ ဖြစ်ပါတယ်။
အာမိုရင် ယခင်က စပို့တင်းမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ၃-၄-၃ ကစားကွက်ကို ယူနိုက်တက်မှာ ဆက်လက်အသုံးချဖို့ ပြင်ဆင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိဘဲ အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။ ဖလက်ချာအနေနဲ့လည်း အာမိုရင်ထွက်ခွာသွားပြီးနောက် နောက်တန်းလေးယောက်တန်းစနစ်ကို ချက်ချင်းပြောင်းလဲခဲ့ပေမယ့် နိုင်ပွဲမရခဲ့ဘဲ ကာရစ်လက်ထက်မှာတော့ သူနှစ်သက်တဲ့ ၄-၂-၃-၁ ကစားကွက်နဲ့အတူ ယူနိုက်တက်ရဲ့ တိုက်စစ်စွမ်းရည်ကို အပြည့်အဝ အသုံးချလာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံး ၃ ပွဲမှာတင် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဘရိုင်ယန် အမ်ဘူမို၊ မားသီးယပ်စ် ကွန်ညာ၊ ပက်ထရစ် ဒေါဂူ နဲ့ ဘင်ဂျမင် ဆက်စကိုတို့ဟာ နံပါတ် ၁၀ နေရာမှာ ကစားနေတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုတွေနဲ့အတူ ခြေစွမ်းပြနေကြတာပါ။ အသင်းခေါင်းဆောင် ဘရူနိုဟာ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ထားပြီး တစ်နှစ်တာ အကောင်းဆုံး ဖန်တီးရှင်ဆုကို ရရှိဖို့ နီးစပ်နေပါတယ်။
အသင်းဂန္ထဝင် ဝိန်းရွန်းနီကတော့ ဘရူနိုဟာ အသင်းရဲ့ အကောင်းဆုံးကစားသမား ဖြစ်တယ်ဆိုတာ လက်ခံထားပေမယ့် ကာရစ်ရဲ့ လက်ရှိအောင်မြင်မှုတွေနောက်ကွယ်မှာ အခြားအရေးပါတဲ့ ကစားသမား ၄ ဦး ရှိနေသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။ "The Wayne Rooney Show" အစီအစဉ်မှာ ရွန်းနီက ကိုဘီ မိုင်နူး၊ ကတ်စ်မဲရိုး၊ ဟယ်ရီ မက်ဂွိုင်းယားနဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ လေးယောက်တွဲဟာ အသင်းရဲ့ ကျောရိုးအဖြစ် အကောင်းဆုံး စွမ်းဆောင်ပေးနေတယ်လို့ ချီးကျူးခဲ့ပါတယ်။
"သူတို့မှာ ခိုင်မာတဲ့ အစီအစဉ်ရှိပုံရတယ်လို့ ကျွန်တော်ထင်ပါတယ်။ အာမတ် ဒီယာလိုက ဒီနေ့မှာလည်း ထပ်ပြီးခြေစွမ်းပြနိုင်ခဲ့သလို ဒီယေဂို ဒါလော့ကလည်း ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဒီနေ့မှာတော့ တကယ်ကောင်းခဲ့ပါတယ်" လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အဓိက အပြောင်းအလဲကတော့ နောက်တန်းက မက်ဂွိုင်းယား၊ မာတီးနက်ဇ် နဲ့ သူတို့ရှေ့က ကတ်စ်မဲရိုး၊ မိန်းနူး တို့ လေးယောက်တွဲ စနစ်တကျ ရှိလာတာပဲ ဖြစ်တယ်လို့ သူက ဖွင့်ဟခဲ့ပါတယ်။
"ကျွန်တော်ပေးနိုင်တဲ့ အကြီးမားဆုံး ချီးကျူးစကားကတော့ ယူနိုက်တက်ဟာ အနိုင်ဂိုးရဖို့ အမြဲကြိုးစားနေတယ်လို့ ခံစားရတာပါပဲ။ ဘရူနိုရဲ့ မှော်ဆန်တဲ့ ဖန်တီးမှုနဲ့ ဆက်စကိုရဲ့ အဆုံးသတ်တွေကလည်း တကယ်ကို ကောင်းမွန်ပါတယ်" လို့ ရွန်းနီက ဆက်လက်ပြောဆိုခဲ့ပါတယ်။
မိုင်နူး၊ ကတ်စ်မဲရိုး၊ မက်ဂွိုင်းယားနဲ့ မာတီးနက်ဇ်တို့ဟာ ကာရစ်လက်ထက် ၃ ပွဲစလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ကတ်စ်မဲရိုးကလွဲလို့ ကျန်သူအားလုံးဟာ ပွဲချိန်ပြည့် ကစားခဲ့ကြတာပါ။ အကယ်လို့ ဒီကစားသမား (၄) ဦးသာ ရာသီကုန်အထိ ဒဏ်ရာကင်းစင်နေမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ သေချာသလောက်ဖြစ်နေပြီလို့ ယူဆရမှာဖြစ်ပါတယ်။