ဆန်းဒါးလန်းတိုက်စစ်မှူး ဆိုင်မွန် အာဒင်ဂရာကို အပြီးသတ်ဝယ်ယူခွင့်ပါ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ မိုနာကို
ဆန်းဒါးလန်းအသင်းရဲ့ အိုင်ဗရီကို့စ် လက်ရွေးစင်တိုက်စစ်ကစားသမား ဆိုင်မွန် အာဒင်ဂရာဟာ ပြင်သစ်လီဂူးဝမ်းကလပ် မိုနာကိုအသင်းထံသို့ ယခုရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း မိုနာကိုအသင်းက တနင်္လာနေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဒင်ဂရာဟာ ပြီးခဲ့တဲ့ နွေရာသီကာလမှာ ဆန်းဒါးလန်းအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးအဆိုပါ အပြောင်းအရွှေ့မတိုင်ခင်က ဘရိုက်တန်အသင်းအတွက် ၇၃ ပွဲအထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။
ကစားသမားဟာ ယခုရာသီအတွင်း ဆန်းဒါးလန်းအသင်းအတွက် ပရီးမီးယားလိဂ် ၁၄ ပွဲနဲ့ အက်ဖ်အေဖလား ၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
အာဒင်ဂရာဟာ ၂၀၂၃ ခုနှစ် အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းနဲ့အတူ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာလည်း ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆု ကိုရရှိခဲ့ပါတယ်။
တိုက်စစ်ကြယ်ပွင့်ဟာ အိုင်ဗရီကို့စ်အသင်းအတွက် စုစုပေါင်း ၂၇ ပွဲအထိ ပါဝင်ကစားပေးထားသူဖြစ်ပေမယ့် မကြာသေးမီကကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာတော့ အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
သတင်းတွေအရ မိုနာကိုဟာ အာဒင်ဂရာကိုခေါ်ယူဖို့ ဆန်းဒါးလန်းထံ ယူရို ၁ သန်းပေးချေခဲ့ရပြီး ရာသီကုန်မှာတော့ ပေါင် ၁၇ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါ သဘောတူညီမှုကို ရရှိထားတယ်လို့သိရပါတယ်။