မန်စီးတီးနဲ့ပွဲမှာ စစ်မှန်တဲ့ယူနိုက်တက်ကို ပြန်လည်မြင်တွေ့ခဲ့တယ်လို့ဆိုတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက မန်ချက်စတာစီးတီးကို ၂-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စစ်မှန်တဲ့ယူနိုက်တက်ကို ပြန်လည်မြင်တွေ့ခဲ့တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ပထမဆုံးပွဲဦးထွက်မှာပဲ မန်စီးတီးကို အဘက်ဘက်မှ အသာစီးယူကစားပြီး အဖိုးတန် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ကာရစ်ရဲ့ပွဲဦးထွက်မှာ ယူနိုက်တက်ဟာ မန်စီးတီးလိုအသင်းကို ပွဲအစမှ အဆုံးအထိ လွှမ်းမိုးချုပ်ကိုင်ကစားနိုင်ခဲ့ပြီး ဘရိုင်ယန်အမ်ဘွေမို၊ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်ရဲ့ နောက်ထပ်သွင်းဂိုး ၃ ဂိုးသာ လူကျွံဘောအဖြစ် မသတ်မှတ်ခံဘူးဆိုရင် ဂိုးက ဒီထက်ပိုပြတ်ဖို့ရှိခဲ့ပါတယ်။
ယခုအခါမှာတော့ ရွန်းနီက "ကျွန်တော် တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။ အသင်းရဲ့ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုနဲ့ စွမ်းအင်တွေဟာ ဒီနေ့ပွဲမှာ တကယ့်ကို ထူးခြားကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်"
"ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ကျွန်တော် တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီလိုမျိုးခံစားချက်နဲ့ ဝေးကွာနေခဲ့ရတာပါ။ ဒါဟာ တစ်ပွဲတည်းရဲ့ စွမ်းဆောင်ရည်ပဲ ရှိသေးတယ်ဆိုတာ သိပေမယ့် ဒီအသင်းဟာ ဘယ်လောက်အထိ စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာ လူတိုင်းမြင်တွေ့ခဲ့ရပြီလို့ ထင်ပါတယ်"
"ကျွန်တော်တို့လို ကစားသမားဟောင်းတွေ အမြဲပြောလေ့ရှိတဲ့ စစ်မှန်တဲ့ယူနိုက်တက်ဆိုတာ ဘာလဲဆိုတာ ဒီနေ့ပွဲမှာ အဖြေထွက်သွားပါပြီ။ ဘောလုံးမရှိတဲ့အချိန်မှာ ကြိုးစားအားထုတ်မှု၊ တောင်ပံကစားသမားတွေ နောက်ပြန်ဆင်းပြီး နောက်ခံလူတွေကို ကူညီပေးတဲ့ ပုံစံမျိုးတွေပေါ့" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှ သွင်းဂိုးတွေနဲ့ပတ်သက်ပြီးတော့လည်း အင်္ဂလန်တိုက်စစ်မှူးဟောင်းက "ဂိုးတွေသွင်းတဲ့နေရာမှာလည်း ဖြတ်တင်ဘောတွေကို အဆုံးသတ်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒတွေကို မြင်ရတယ်။ ပထမဂိုးမှာဆိုရင် ခံစစ်ကနေ တန်ပြန်တိုက်စစ်ကို အမြန်ဆုံးကူးပြောင်းသွားတာမျိုးပါ။ အဲ့ဒါဟာ စစ်မှန်တဲ့ယူနိုက်တက် ပါပဲ၊ ကျွန်တော်တို့ အဲ့ဒါတွေနဲ့ ဝေးကွာနေခဲ့တာပါ။ ဒီအတိုင်း ဆက်လက်တည်မြဲသွားဖို့ မျှော်လင့်ပါတယ်"
"ဒီနေ့ ယူနိုက်တက်ရဲ့ ကြိုးစားမှု၊ ကစားကွက်ပုံစံနဲ့ စနစ်တကျရှိမှုတွေဟာ တကယ်ကို သိသာပါတယ်။ အသင်းဖော်တွေကို ကူညီဖို့ နောက်ပြန်ဆင်းတာ၊ ဖျက်ထုတ်တာနဲ့ ရှေ့ကိုပြေးသလိုမျိုး နောက်ကိုလည်း အမြန်ဆုံးပြန်ပြေးတာမျိုးတွေဟာ ဒီနေ့ပွဲမှာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။