ဘန်လေကို ဂိုးပြတ်အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့လို့ ဆန်းဒါးလန်းကစားသမားတွေကို လီဘရစ် ချီးကျူး
ပြီးခဲ့တဲ့ တနင်္လာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဆန်းဒါးလန်းဟာ ဘန်လေကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီး ပွဲအပြီးမှာတော့ နည်းပြ လီဘရစ်က အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဆန်းဒါးလန်းအတွက် ဟာဘစ် ဒီယာရာ နဲ့ ရှမ်ဒီန်း တာလ်ဘီ တို့က ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ဂိုးကတော့ ပြိုင်ဘက်အသင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ နည်းပြ လီဘရစ်က "ဝက်စ်ဟမ်းနဲ့ပွဲမှာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့လို့ ကျွန်တော်တို့ တကယ်ကို စိတ်ပျက်ခဲ့ရပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ဆီမှာ ဘာစွမ်းအင်မှမရှိသလို ဆန်းဒါးလန်းရဲ့ ဟန်ပန်မျိုးလည်း မတွေ့ခဲ့ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ဒီနေ့မှာတော့ ပြင်းထန်တဲ့ ကစားဟန်၊ ရဲရင့်မှုတွေနဲ့အတူ ရှေ့တန်းကနေ ဖိအားပေးကစားပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲရဖို့ဆိုတာ မလွယ်ကူတဲ့အတွက် ဒီလို တုံ့ပြန်ပြနိုင်တာက တကယ်ကို အရေးကြီးပါတယ်" လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဟာဘစ် ဒီယာရာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း လီဘရစ်က "ဂိုးတွေသွင်းယူနိုင်ခဲ့သလို အသင်းအတွက်လည်း ကြိုးစားပမ်းစား ကစားပေးခဲ့ပါတယ်။ ဒါဟာ အသင်းကို ပြန်လည်ကူညီပေးဖို့အတွက် အကောင်းဆုံး စတင်ခြင်းပါပဲ" လို့ ချီးကျူးခဲ့ပါတယ်။
အာဖရိကဖလားပြိုင်ပွဲ သွားရောက်ကစားနေကြတဲ့ ကစားသမားတွေ ပြန်ရောက်လာတဲ့အပေါ်မှာလည်း "ကျွန်တော်တို့မှာ လူအင်အားနည်းပါးလို့ ရုန်းကန်ခဲ့ရပေမဲ့ အခုတော့ သူတို့ဆီက စွမ်းအင်တွေနဲ့ အကောင်းမြင်စိတ်တွေကို ပြန်လည်ရရှိပါပြီ။ ဒါဟာ ကစားသမားသစ်တွေ ခေါ်ယူလိုက်ရသလိုပါပဲ။ လာမယ့်အပတ်တွေမှာလည်း ဒီလိုပုံစံမျိုး ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
တန်းမဆင်းရဖို့ အစွမ်းကုန်ကြိုးစားသွားမယ့်အကြောင်းကိုလည်း လီဘရစ်က "ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်ကို ၄၀ မှတ်ဝန်းကျင်လို့ သတ်မှတ်ထားပါတယ်။ ဒီရာသီမှာ အဲ့ဒီလောက် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး လိုအပ်နိုင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ တိုးတက်နေပြီး သတ်မှတ်ထားတဲ့ ရမှတ်ပမာဏကို အမြန်ဆုံးရောက်အောင် ကြိုးစားသွားမှာပါ" လို့ ဖြေကြားခဲ့ပါတယ်။