The network connection is lost.

Banner Image

ဒဏ်ရာပြင်းထန်စွာ ရရှိသွားလို့ အလွန်စိတ်ပျက်မိကြောင်း ယူနိုက်တက် လူငယ်ကြယ်ပွင့် ဟယ်ရီအားမက်စ် ဖွင့်ဟလာ

မန်ချက်စတာယူနိုက်တက် အကယ်ဒမီရဲ့ အလားအလာအကောင်းဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်သူ ဟယ်ရီအားမက်စ်က သူဟာ ဒဏ်ရာကြောင့် ကွင်းပြင်ပမှာ အချိန်အတန်ကြာ အနားယူရတော့မှာဖြစ်ကြောင်း တနင်္လာနေ့ညနေပိုင်းမှာ အတည်ပြုပြောကြားလာပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ အားမက်စ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဒုတိယဝက်အတွက် နောဝစ်ချ်စီးတီးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် မကြာမီမှာပဲ အသင်းသစ်ရဲ့ လေ့ကျင့်ရေးကွင်းအတွင်း အခုလို ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာပါ။

သူဟာ နောဝစ်ချ်စီးတီးအသင်းအတွက် လိဂ်ဇယားထိပ်ဆုံးက ကိုဗင်ထရီစီးတီးနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ၁၅ မိနစ်ကြာ ပါဝင်ကစားပေးခဲ့ပြီး ပွဲဦးထွက်နိုင်ခဲ့ပေမဲ့ အသင်းသစ်ရဲ့ ဂျာစီနဲ့ ထပ်မံခြေစွမ်းပြနိုင်ဖို့ကိုတော့ အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး အားမက်စ်က သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက်ကနေတစ်ဆင့် "လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားလို့ တကယ်ပဲ စိတ်ပျက်မိပါတယ်။ နောဝစ်ချ်မှာ ကျွန်တော့်ရဲ့ခရီးစဉ်ကို အခုလိုမျိုး စတင်ဖို့ မရည်ရွယ်ခဲ့ပါဘူး" လို့ ရေးသားခဲ့ပါတယ်။

ဆက်လက်ပြီး သူက "ဒါပေမဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကွင်းထဲပြန်ဝင်နိုင်ဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ဒါဟာ ကျွန်တော် တစ်ခါမှ မကြုံဖူးသေးတဲ့ အခက်အခဲမျိုးဖြစ်ပေမဲ့ အကောင်းဆုံး စိတ်ဓာတ်မွေးမြူပြီး ဘေးနားက လူကောင်းတွေရဲ့ အကူအညီနဲ့ ပိုမိုသန်မာစွာ ပြန်လာမှာပါ" လို့လည်း ဖွင့်ဟခဲ့ပါတယ်။

နောဝစ်ချ်စီးတီးကို မပြောင်းရွှေ့မီမှာ အားမက်စ်ဟာ ရှက်ဖီးဝင်းစ်ဒေးအသင်းဆီမှာ ၅ လကြာ အငှားသွားရောက်ကစားခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ၂၁ ပွဲအထိ ပါဝင်ကစားကာ စုစုပေါင်း မိနစ် ၁,၈၆၈ ကြာ ခြေစွမ်းပြသနိုင်ခဲ့သူပါ။

သို့သော်လည်း ရှက်ဖီးဝင်းစ်ဒေးအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ကြုံတွေ့ပြီး အောက်တိုဘာလမှာ ရမှတ် ၁၂ မှတ်၊ ဒီဇင်ဘာလမှာ ၆ မှတ် စုစုပေါင်း ၁၈ မှတ်အထိ လျှော့ချခံခဲ့ရတာကြောင့် ယူနိုက်တက်ဘက်က သူ့ကို ဖိအားနည်းတဲ့ ပတ်ဝန်းကျင်မှာ ကစားစေဖို့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အားမက်စ်ဟာ ဟေးလ်ဘရော့ခ်ကွင်းကနေ ကာရိုးရုတ်ဒ်ကွင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ နောဝစ်ချ်စီးတီးအသင်းဟာ လိဂ်ပွဲစဉ် ၃၀ အပြီးမှာ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။

ဟယ်ရီအားမက်စ်ဟာ ယူနိုက်တက်စီနီယာအသင်းအတွက် ၇ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပါတယ်။ သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ တောက်ပလာမယ့် အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ်လည်း အားလုံးက မျှော်လင့်ထားကြပါတယ်။