ချယ်လ်ဆီးလူငယ်ကြယ်ပွင့်ဂျော့ရှ်ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်သောအငှားစာချုပ်ဖြင့် အဲဗာတန် ခေါ်ယူ
အဲဗာတန်က ချယ်လ်ဆီးလူငယ်တောင်ပံကစားသမားတိုင်ရီကွီဂျော့ရှ်ကို ရာသီကုန်မှာ အပြီးသတ်ဝယ်ယူခွင့်ပါဝင်မယ့်အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီကတည်းကပင် ချဲလ်ဆီးမှထွက်ခွာလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဖူလ်ဟမ်ဆီအပြီးသတ်ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ တိုင်ရီကွီဂျော့ရှ်က အသင်းမှာသာဆက်ရှိနေခဲ့ပြီး ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲပါဝင်ကစားပေးခဲ့ကာ လေးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဗာတန်က တိုင်ရီကွီဂျော့ရှ်ကို အခုရာသီကုန်အထိ အငှားဖြင့် ခေါ်ယူလိုက်ပြီး လာမယ့်နွေရာသီစျေးကွက်မှာ အပြီးသတ်ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ပိုင်ဆိုင်သွားပါတယ်။
အပြီးသတ်ဝယ်ယူခွင့်အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးပမာဏကိုတော့ အဲဗာတန်ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။