The network connection is lost.

Banner Image

ရိုဒရီရဲ့ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မနေ့ညပိုင်း၊ Gtech Community ကွင်းမှာ ဘရန့်ဖို့ဒ်ကိုအနိုင်ယူခဲ့တဲ့ ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဒဏ်ရာရရှိသွားတဲ့ ရိုဒရီကို ရက်သတ္တပတ် နှစ်ပတ်(သို့မဟုတ်)သုံးပတ်ထက် ပိုကြာအောင် အနားယူသွားရဖို့ မရှိဘူးလို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက မျှော်လင့်နေပါတယ်။
ပြင်းထန်းဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ယမန်နှစ်ဘောလုံးရာသီတစ်ခုလုံးနီးပါး လွဲချော်ခဲ့တဲ့ ရိုဒရီက မနေ့ညပိုင်းပွဲစဉ်ရဲ့ပွဲချိန်မိနစ် ၂၀ မှာတင် ဒဏ်ရာပြဿနာတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဒါကြောင့် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားရဲ့နေရာမှာ နီကိုဂွန်ဇာလက်ဇ်ကို အစားထိုးခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ကြွက်သားနဲ့ဆိုင်တဲ့ပြဿနာတစ်ခု ဖြစ်ပါတယ်။ ရိုဒရီဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားဖြစ်လို့ သူ့ကို မဆုံးရှုံးချင်ပါဘူး။
ကျွန်တော်တို့တွေ သူ့ကိုထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်ပြီးတဲ့အရာတွေလည်း ဖြစ်ပြီးသွားပါပြီ”လို့ ပြောပါတယ်။
စပိန်သားလက်ရွေးစင်ကစားသမားက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီနောက်ပိုင်း ၁၅ ပွဲမျှသာ ပါဝင်ကစားနိုင်ပြီး ဒူးနာကျင်မှုကြောင့် လွန်ခဲ့တဲ့သီတင်းပတ်၊ ဘန်လေနဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်နိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ရိုဒရီက “ တံကောက်ကြောမှာ အနည်းငယ်ခံစားရပေမဲ့ အရမ်းကြီးဆိုးရွားနေတာမျိုး မဟုတ်လောက်ဘူးလို့ ထင်ရပါတယ်။
ယူရိုဗိုလ်လုပွဲမှာ ဖြစ်ခဲ့တဲ့ပုံစံမျိုးလိုပဲ ကျွန်တော့်ရဲ့ခြေထောက်တွေ အနည်းငယ်ဆန့်တန်းနေခဲ့ပါတယ်။ ဒါပေမဲ့အရေးအကြီးဆုံးအရာကတော့ ကြီးကြီးမားမားပြဿနာတစ်ရပ် မဖြစ်ခဲ့တာပါပဲ”လို့ ပြောပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မိုနာကိုနဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင်ကို ပွဲကစားချိန်တစ်နာရီသာ ပေးအပ်ခဲ့ပြီးနောက် သောကြာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ပက်ဂွါဒီယိုလာဆီ ရောက်ရှိလာဖူးပါတယ်။
ပက်ဂွါဒီယိုလာကတော့ စပိန်လက်ရွေးစင်ရဲ့တနင်္ဂနွေနေ့အခြေအနေတွေကြောင့် ပြင်သစ်မြေမှာ ပွဲကစားချိန် တစ်နာရီသာပေးအပ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ သက်သေပြသွားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ဘာစီလိုနာနည်းပြဟောင်းက “ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် မှန်လား၊ မမှန်ဘူးလား? လူတွေကတော့ ရိုဒရီကို ဘာလို့ပွဲချိန်ပြည့်မသုံးတာလဲဆိုပြီး မေးမြန်းနေကြတာပါပဲ။ သတင်းထောက်တွေဆိုရင် ကျွန်တော့်ဆီ ဘာလို့လူစားလဲပစ်တာလဲဆိုပြီး ခဏခဏမေးကြပါတယ်။
အခုလိုအကြောင်းအရင်းတွေကြောင့်သာ ကျွန်တော်တို့က သူ့အတွက် ပွဲကစားချိန်တစ်နာရီလောက်သာပေးပြီး ထိန်းထိန်းသိမ်းသိမ်းအသုံးပြုဖို့ ကြိုးစားခဲ့ရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မနေ့ညပိုင်း၊ ဘရန့်ဖို့ဒ်ကို ဟာလန်းရဲ့တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ယူပြီးနောက် ပက်ဂွါဒီယိုလာက သူ့ရဲ့ပရီးမီးယားလိဂ်နည်းပြဘဝမှာ နိုင်ပွဲ ၂၅၀ ပြည့်မြောက်သွားခဲ့ပါတယ်။