The network connection is lost.

Banner Image

ဂူဟီခေါ်ယူနိုင်မှု၊ ဖိုဒန်ရဲ့ဒဏ်ရာအခြေအနေနဲ့ အော်စကာဘော့ဘ်ရဲ့အနာဂတ်အကြောင်း ရှင်းပြလာတဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ဂူဟီရောက်ရှိလာခြင်းကို ကလပ်အသင်းအတွက် အလွန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားက ခရစ္စတယ်ပဲလေ့စ်မှ မန်စီးတီးဆီ ငါးနှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့လာပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဒီအပြောင်းအရွှေ့ဖြစ်မြောက်အောင်လုပ်ဆောင်ပေးမှုအတွက် ကလပ်အသင်းကိုရော၊ ကစားသမားကိုပါ ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးနည်းပြက “ ဂူဟီဆိုတာ နိုင်ငံ့လက်ရွေးစင်အဆင့်ကစားနေတဲ့ ထိပ်တန်းဗဟိုခံစစ်မှူးတစ်ဦးပါ။ သူ့ကိုခေါ်ယူပေးတဲ့အတွက် ကလပ်အသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ သူက ခြေနှစ်ဖက်လုံးနဲ့ ဘောလုံးကစားနိုင်ပြီး ပြီးပြည့်စုံတဲ့အသက်အရွယ်အပိုင်းအခြားဆီ ရောက်ရှိနေပါပြီ။ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လာမယ့်လအနည်းငယ်အတွင်း အသင်းခံစစ်ပိုင်းအတွက် ပြဿနာတွေကိုကူညီဖြေရှင်းပေးဖို့နဲ့ ကျွန်တာ်တို့ကိုရွေးချယ်ဖို့ သူဘယ်လောက်အထိ လိုလားတယ်ဆိုတာ သိရှိထားလို့ ဖြစ်ပါတယ်။

ကလပ်အသင်းမှာ သူရှိနေတာ အလွန်အရေးကြီးပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့သာ စာချုပ်သက်တမ်းအရှည်ကြီးကျန်နေဦးမယ်ဆိုရင် ဒီအပြောင်းအရွှေ့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။ ဒါပေမဲ့ စာချုပ်သက်တမ်းခြောက်လပဲကျန်ရှိချိန်မှာတော့ သဘောတူညီမှုရရှိဖို့ ပိုလွယ်ကူလာပါတယ်။ အမှန်ပါပဲ၊ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ဆိုတာ မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်အကြား သဘောတူညီမှုရရှိဖို့ လိုအပ်သလို ကစားသမားရဲ့စိတ်ဆန္ဒလည်း လိုအပ်ပါတယ်။ မဟုတ်ရင် အပြောင်းအရွှေ့မဖြစ်လာနိုင်ပါဘူး”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပက်ဂွါဒီယိုလာက လက်ဒဏ်ရာရရှိနေပေမယ့် အင်္ဂါညပိုင်း၊ ဘိုဒိုဂလင့်နဲ့ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဖိုဒန် ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ သူ့ရဲ့လက်အရိုး အနည်းငယ်ကျိုးသွားပါတယ်။ ကာကွယ်မှုအချို့လိုအပ်ပေမယ့် ဖိုဒန်က မနက်ဖြန်ပွဲစဉ်အတွက် အဆင်သင့်ရှိနေပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ အော်စကာဘော့ဘ်ကတော့ ဇာတိမြေမှာကစားမယ့်ပွဲစဉ်အတွက် မရေမရာအခြေအနေမှာပဲ ရှိနေပါသေးတယ်။ ဒါ့အပြင် ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း လူငယ်ကစားသမားရဲ့အနာဂတ်အတွက် အာမခံချက်မပေးခဲ့ပါဘူး။ အော်စကာဘော့ဘ်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ သိပ်မသက်သာသေးဘူးလို့ အော်စကာဘော့ဘ် ပြောပါတယ်။ ဒါကြောင့် အော်စကာဘော့ဘ် မသက်သာသေးပါဘူး။ (အော်စကာဘော့ဘ်ရဲ့မန်စီးတီးကစားသမားဘဝအနာဂတ်နဲ့ပတ်သက်လို့) မသိဘူး၊ ကျွန်တော်မသိပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။