The network connection is lost.

Banner Image

ဘိုဒိုဂလင့်ကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် မန်စီးတီးက အနည်းငယ်အားနည်းသွားတယ်လို့ ဂွါဒီယိုလာ ဝန်ခံ

ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နော်ဝေကလပ် ဘိုဒိုဂလင့်ကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းဟာ အနည်းငယ်အားနည်းသွားကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ချန်ပီလိဂ်မှာ ထိပ်ဆုံး ၈ သင်းစာရင်းဝင်ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ဘိုဒိုဂလင့်ကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ခဲ့ပေမယ့် မထင်မှတ်ဘဲ နော်ဝေမြေမှာ ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အိမ်ရှင် ဘိုဒိုဂလင့်အတွက်ဂိုးတွေကို ပွဲအစ ၂၂ နဲ့ ၂၄ မိနစ်တွေမှာ တိုက်စစ်မှူး ဟော့ဂ်က ၂ ဂိုးဆက်တိုက်သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၅၈ မိနစ်မှာ ဟော်ဂီက နောက်ထပ် ၁ ဂိုးသွင်းခဲ့လို့ မန်စီးတီးတို့ ၃ ဂိုးပြတ်အရေးနိမ့်နေခဲ့ပါတယ်။

မန်စီးတီးအတွက် နှစ်သိမ့်ချေပဂိုး ၁ ဂိုးကိုတော့ ပွဲကစားချိန် ၆၀ မိနစ်မှာ ရာယန်ချာကီက ပြန်လည်သွင်းယူပေးခဲ့ပြီး နောက်ထပ်ဂိုးမရတော့တာကြောင့် နော်ဝေမြေမှာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပွဲကစားချိန် ၆၂ မိနစ်မှာ အသင်းရဲ့အဓိကကွင်းလယ်လူ ရိုဒရီတစ်ယောက် အနီကတ်ပြထုတ်ပယ်ခံလိုက်ရတာကြောင့်လည်း မန်စီးတီးတို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်မဲ့ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဂွါဒီယိုလာက "ကျွန်တော်တို့ နှစ်သစ်ကိုစရောက်ကတည်းက ရလဒ်ကောင်းတွေနဲ့ဝေးကွာနေခဲ့ပြီး ရှုံးပွဲတွေကြုံလာရတာ အမှန်ပါပဲ။ နေရာတိုင်းမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်" "ဘိုဒိုဂလင့်က အသင်းကောင်းတစ်သင်းဆိုတာ ကျွန်တော်သိပါတယ်။ သူတို့ကို လျှော့မတွက်ထားပါဘူး။ သူတို့က ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားတဲ့အသင်းပါ။ ဒီပွဲမှာ သူတို့ စိတ်ဓာတ်ပိုင်း ဖြတ်လတ်နေပြီး ကျွန်တော်တို့ဘက်ကတော့အရေးပါတဲ့ ကစားသမားတစ်ချို့ မပါဝင်နိုင်ခဲ့ပါဘူး"

"ပြီးခဲ့တဲ့ရာသီက ဖြစ်ခဲ့သလိုပဲ အခုချိန်မှာအသင်းက အတော်‌လေးအားနည်းနေပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ၁၀ ယောက် ၁၁ ယောက်အခြေအနေနဲ့ ကျွန်တော်တို့ကစားသမားတွေ အကောင်းဆုံးတိုက်ပွဲဝင်ခဲ့တာကတော့ အသိအမှတ်ပြုစရာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုရှုံးပွဲကြောင့်မန်စီးတီးဟာ ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို ထိပ်ဆုံး ၈ သင်းနေရာနဲ့ တိုက်ရိုက်တက်ရောက်နိုင်ဖို့ လိဂ်အဆင့်နောက်ဆုံးယှဉ်ပြိုင်သွားရမယ့် ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားရတော့မှာဖြစ်ပါတယ်။