
ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ ဒိန်းမတ်မှာ တောက်ပလာလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ဝီဂ်ဟော့စ်
ဒိန်းမတ်လက်ရွေးစင် လက်ထောက်နည်းပြ မော်တင်ဝီဂ်ဟော့စ်က ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်အတွဲအဖက် ခရစ်ရှင်အဲရစ်ဆင်နဲ့ ရက်စ်မက်စ်ဟွိုက်လန်းတို့ဟာ လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်သွားမယ့် ဒိန်းမတ်အသင်းမှာတော့ တောက်ပလာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဝီဂ်ဟော့စ်ဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းကို အနီးကပ်ကြည့်ရှုနေရတဲ့ လက်ထောက်နည်းပြဖြစ်နေတာကြောင့် ယူနိုက်တက်မှာ လက်တွဲခဲ့တဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ရဲ့ တွဲဖက်မှုဟာ လာမယ့် ယူရိုမှာ အပြန်အလည်နားလည်မှုတွေနဲ့ အကျိုးကျေးဇူးရှိလာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဂျာမနီသို့ မထွက်ခွာခင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကစားသမားဟောင်းက “ကစားသမားတွေဟာ သူတို့ရဲ့ကလပ်တွေမှာ တွဲဖက်ခဲ့ရတဲ့အတွေ့အကြုံတွေကို ဒီပြိုင်ပွဲမှာအသုံးချနိုင်ဖို့ကြိုးစားနေပြီး အထူးသဖြင့် အဲရစ်ဆင်နဲ့ ဟွိုက်လန်းတို့ဟာ နားလည်မှုတွေတည်ဆောက်ထားနိုင်တာကြောင့် အသင်းအတွက်အများကြီး အကျိုးရှိစေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ၁၉၉၀ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ သို့သော်လည်း ဝီဂ်ဟော့စ်ကတော့ ကလပ်မှုအောင်မြင်မှုကြီးကြီးမားမား မရခဲ့တာက ပြဿနာမဟုတ်ဘဲ ကစားသမားတွေ အတူတူလေ့ကျင့်ရေးဆင်းခဲ့ကြတဲ့ အချိန်တွေကသာ အရေးကြီးကြောင်း ထောက်ပြခဲ့ပါတယ်။
လက်ထောက်နည်းပြက “သမိုင်းကြောင်းအရဆိုရင် ဒါဟာအစဉ်အလာပါပဲ။ ကျွန်တော်တို့ကစားခဲ့တဲ့ ၈၀ ခုနှစ်က ဒိန်းမတ်အသင်းမှာလည်း အေဂျက်စ်နဲ့ အန်ဒါလက်ချ်တို့လို အသင်းကြီးတွေမှာ ကစားခဲ့တဲ့ ကစားသမားတွေပါဝင်ခဲ့ပါတယ်။ သူတို့တွေတုန်းကလည်း ကလပ်မှာအတူတူကစားခဲ့တဲ့ အတွေ့အကြုံတွေကို ဒိန်းမတ်အတွက်ပြန်သယ်လာကြပါတယ်။ ၁၉၉၂ ယူရိုဖလားကိုဆွတ်ခူးခဲ့တုန်းကလည်း ဒီလိုပုံစံနဲ့ပဲ အတွေ့အကြုံတွေဖလှယ်ခဲ့ကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသက်-၅၃ နှစ်အရွယ် လက်ထောက်နည်းပြက အသင်းရဲ့ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဒီပြိုင်ပွဲမှာ အဓိကကျတဲ့ ကစားသမားဖြစ်လာမယ့်အကြောင်းကို “အဲရစ်ဆင်က အံ့မခန်းကစားသမားတစ်ဦးဖြစ်ပြီး အတွေ့အကြုံတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ ရှုံးထွက်အဆင့်တွေကို တက်လှမ်းဖို့ဆိုရင် ဒီလိုကစားသမားတွေရဲ့ အတွေ့အကြုံတွေအများကြီးလိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်ဟာ အုပ်စုအတွင်း အင်္ဂလန်၊ ဆလိုဗေးနီးယား၊ ဆာဘီးယားတို့နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ပထမဆုံးပွဲစဉ်အဖြစ် စလိုဗေးနီးယားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။