
ဒိန်းမတ်အသင်းဖော်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပျော်ရွှင်နေတဲ့ အဲရစ်ဆင်
ယူနိုက်တက်ကွင်းလယ်လူဟောင်း အဲရစ်ဆင်ဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြနေတဲ့ ဒိန်းမတ်အသင်းဖော် ဟွိုက်လန်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် ဟွိုက်လန်းဟာ နာပိုလီအသင်းထံပြောင်းရွှေ့ပြီးချိန်မှာ ၆ ပွဲကစားပြီးချိန် ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့လတွေတုန်းက ဟွိုက်လန်းရဲ့ယူနိုက်တက်အသင်းကစာသမားဘဝက ဆိုးဝါးခဲ့ပြီး ပရိသတ်တစ်ဦးကတော့ ယူနိုက်တက်ရဲ့အားထားရတဲ့တိုက်စစ်မှူးဖြစ်လာဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်ထားသလိုဖြစ်မလာခဲ့ပဲ အခုချိန်မှာတော့ တိုက်စစ်မှူးအသစ် ဆက်စ်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘက်က အသင်းမှာဆက်နေပြီး ပွဲထွက်ခွင့်နေရာကို တိုက်ပွဲဝင်ချင်ပေမယ့် ယူနိုက်တက်က ရောင်းချခဲ့တာဖြစ်ပါတယ်။
နာပိုလီအတွက်တော့ အဆိုပါအပြောင်းအရွှေ့က အလောင်းအစားဆန်ခဲ့ပေမယ့် အခုချိန်မှာ ဟွိုက်လန်းက ခြေစွမ်းပြနေတာကြောင့် ကံထူးခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ယူနိုက်တက်မှာတုန်းက ရုန်းကန်ခဲ့ရပေမယ့် စီးရီးအေမြေမှာတော့ ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ခဲ့သလို အသင်းနည်းစနစ်နဲ့လည်း အံဝင်ခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်အသင်းရဲ့နိုင်ငံပွဲတွေမတိုင်ခင် အင်တာဗျူးမှာ အဲရစ်ဆင်က နိုင်ငံအသင်းဖော် ဟွိုက်လန်းရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် (ဟွိုက်လန်း)အတွက် တကယ်ပျော်မိပါတယ်။ ယူနိုက်တက်မှာ သူဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ ကျွန်တော်သိပါတယ်။ ကောင်းတာလည်းရှိသလို ဆိုးဝါးတာလည်းရှိပါတယ်။ ဒါပေမယ့် သူ့စိတ်ကအမြဲတမ်းသန်မာပါတယ်။ သူအလုပ်ကြိုးစားသလို ရှိတာအားလုံးလည်းပေးဆပ်ကစားပါတယ်။ သူက တကယ်ကြိုးစားသလို အာလုံးပေးဆပ်ကစားတဲ့သူပါ။ ဒါကြောင့် သူက အခုခြေစွမ်းပြနိုင်နေတာပါ”လို့ ဖြေကြားခဲ့ပါတယ်။
ဒိန်းမတ်နည်းပြ ရီမာကလည်း ဟွိုက်လန်းခြေစွမ်းကောင်းပြန်ရနေတာနဲ့ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ “သူအလျင်အမြန်အထိုင်ကျပြီး ၂ ပွဲဆက် ဂိုးတွေသွင်းယူနိုင်ခဲ့တာက နိုင်ငံအသင်းအတွက် အကျိုးဖြစ်စေပါတယ်။ တိုက်စစ်မှူးတစ်ဦး ထိပ်တန်းစွမ်းဆောင်ရည်ပြသရင် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒိန်းမတ်နည်းပြတစ်ဦးအနေနဲ့ အခုထက်ပိုပြီး မဆုတောင်းချင်တော့ပါဘူး။ ဒီဘရိုင်းလိုကစားသမားမျိုးနဲ့တွဲကစားခဲ့ရတာကြောင့် သူ့အတွက် တော်တော်လေးအဆင်ပြေစေပါတယ်။ အခုဆို နာပိုလီကမြင့်မားတဲ့မျှော်လင့်ချက်တွေထားနိုင်လာပါပြီ”လို့ ဖြေကြားခဲ့ပါတယ်။
နာပိုလီဟာ ဟွိုက်လန်းကို ကနဦးအငှားခေါ်ယူထားခဲ့တာဖြစ်ပြီး တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိနေပါတယ်။အခုလက်ရှိစွမ်းဆောင်ရည်အတိုင်း ဆက်လက်ခြေစွမ်းပြနေမယ်ဆိုရင် နာပိုလီအနေနဲ့ အပြီးသတ်ခေါ်ယူနိုင်ချေရှိနေပါတယ်။ ဒါ့အပြင် ဟွိုက်လန်းအနေနဲ့ ယူနိုက်တက်စတားဟောင်း တိုမီနေးခြေရာကိုလိုက်နင်းနိုင်ချေရှိနေပြီး ပရိသတ်တွေရဲ့အချစ်တော်ကစားသမားဖြစ်လာနိုင်ချေများနေပါတယ်။