The network connection is lost.

Banner Image

စာချုပ်သစ်ချုပ်ဆိုပြီးနောက် ယူနိုက်တက်မှာ လစာ ၄ ဆအထိ တိုးမြှင့်ရရှိတော့မယ့် မိုင်နူး

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ ကိုဘီမိုင်နူးဟာ သူ့ရဲ့လစာငွေ အဆမတန် တိုးလာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ကာရစ် ယာယီနည်းပြအဖြစ် စတင်တာဝန်ယူချိန်ကစလို့ မိုင်နူးဟာ အသင်းရဲ့ အဓိကအရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုးတို့နဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပါတယ်။

ဒီအင်္ဂလန်ကြယ်ပွင့်ဟာ နည်းပြဟောင်း ရူဘင်အမော်ရင်မ်နဲ့ လူသိရှင်ကြား အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာဖို့အထိ ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ သူချစ်တဲ့အသင်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ အမော်ရင်မ် လက်ထက်မှာတော့ သူဟာ ပရီမီယာလိဂ်ပွဲစဉ်တစ်ပွဲမှ ပွဲထွက်ခွင့်မရခဲ့သလို အကြာဆုံး ကစားခဲ့ရတဲ့ပွဲကလည်း ၄၅ မိနစ်ပဲ ရှိခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ မိုင်နူးဟာ ကာရစ် လက်ထက်မှာ ၁၁ ပွဲ ကစားပေးထားပြီး အဲဒီပွဲစဉ်တွေမှာ ယူနိုက်တက်က ၈ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ အသင်းမှာ ပွဲထွက်ခွင့် ပြန်ရလာပြီးနောက်ပိုင်းမှာတော့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် တစ်ပတ်လစာ ပေါင် ၁ သိန်း ၂ သောင်းတန် ရေရှည်စာချုပ်ကို မကြာခင် လက်မှတ်ရေးထိုးတော့မယ်လို့ The Mirror သတင်းစာက ဖော်ပြထားပါတယ်။

ယူနိုက်တက်ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ ၁၂ ပွဲအထိ ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ မိုင်နူးကို လက်ရှိလစာထက် ၄ ဆအထိ တိုးမြှင့်ပေးမယ့် ရေရှည်စာချုပ်သစ်နဲ့ အသင်းမှာ ဆက်ထိန်းထားဖို့ ကလပ်ဘက်က အလေးအနက် လိုလားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာပြန်ရခဲ့တဲ့ မိုင်နူးဟာ နည်းပြ သောမတ်စ်တူချယ်ရဲ့ လက်အောက်မှာ ကမ္ဘာ့ဖလားပွဲစဉ်တွေ ပါဝင်ကစားရဖို့ ရှိနေပါတယ်။ အမော်ရင်မ် ထွက်ခွာသွားပြီးနောက်ပိုင်း မိုင်နူးရဲ့ တိုးတက်လာမှုကို သတိပြုမိတဲ့ ပထမဆုံးလူတွေထဲမှာ တူချယ်လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

အကယ်၍ ဒီလူငယ်ကစားသမားဟာ နောက်ထပ် ၅ နှစ်လောက်အထိ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ယူနိုက်တက်ဟာ သူ့ကို ဗဟိုပြုပြီး အသင်းကို တည်ဆောက်သွားဖို့ ရှိပါတယ်။ အထူးသဖြင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။