
လီဗာပူးရဲ့နောက်ဆုံးရှုံးပွဲအပေါ် တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ဗန်ဒိုက်
ယမန်နေ့၊ အန်ဖီးလ်ကွင်းမှာ မဟာပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးကပ္ပတိန်ဗန်ဒိုက်က အခက်အခဲတွေကို အတူတကွကျော်ဖြတ်သွားကြမယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးက ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားပြီး အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့လည်း လေးမှတ်အထိ ကွာဟသွားပါတယ်။ ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ကပ္ပတိန်ဗန်ဒိုက်က ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေအတွက် ဘာတွေမှားယွင်းနေသလဲဆိုတာကို ရှင်းပြဖို့ ကြိုးစားသွားခဲ့ပါတယ်။
သူက “ အလွန်ရူးနှမ်းတဲ့ပုံစံမျိုးနဲ့ ဒုတိယဂိုးကို ကျွန်တော်တို့ခွင့်ပြုပေးလိုက်ရတယ်လို့ ထင်ပါတယ်။ ပွဲစဉ်ဆီ ပြန်လာနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး အနိုင်ဂိုးရရှိဖို့အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုပုံစံမျိုးဒုတိယဂိုးကို ခွင့်ပြုပေးလိုက်ရမယ်ဆိုရင် ဒါဟာ စိတ်ပျက်စရာအပိုင်းကဏ္ဍတစ်ခု ဖြစ်လာပါလိမ့်မယ်။
ပွဲစဉ်တစ်ခုလုံးခြုံကြည့်လိုက်ရင် ကျွန်တော်တို့ရဲ့ကစားဟန်က အလောတကြီးနိုင်လွန်းနေပါတယ်။ ယူနိုက်တက်ကတော့ ကျွန်တော်တို့ကို တဇွတ်ထိုးဖိအားမပေးဘဲ ဘောလုံးနဲ့အတူ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရအောင် အလွန်စိတ်ရှည်စွာနဲ့ ကစားခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ဂိုးသွင်းယူနိုင်ဖို့ အခွင့်အလမ်းများစွာ ဖန်တီးနိုင်တယ်ဆိုရင်တောင် တကယ့်အရှိတရားကတော့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အနာဂတ်နဲ့ပတ်သက်လို့ သူက “ ကျွန်တော်တို့အတွက် ကစားသမားတစ်ဦးချင်းသာမက ကလပ်အသင်းတစ်ခုအပြင် ပရိသတ်တွေပါ အတူတကွဖြတ်သန်းနိုင်ဖို့ လိုအပ်နေချိန်ဖြစ်လို့ စိတ်ဝင်စားစရာကောင်းလာပါပြီ”လို့ ဆိုပါတယ်။