The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ သရေကျပြီးနောက် လီဗာပူးပရိသတ်တွေကို စိတ်ပျက်မိတယ်လို့ ဆိုလိုက်တဲ့ ဆိုဘိုဆလိုင်း

ဆိုဘိုဆလိုင်းက ‌တော့တင်ဟမ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီး လီဗာပူးပရိသတ်တွေဆီ သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်း၊ တော်တင်ဟမ်နဲ့ပွဲစဉ်မှာ လီဗာပူးက ပွဲပြီးခါနီး နောက်ဆုံးမိနစ်ချေပဂိုးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီပွဲစဉ်မှာ ဟန်ဂေရီကွင်းလယ်လူက လှပတဲ့ဖရီးကစ်ကန်ချက်နဲ့ အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမဲ့ လီဗာပူးအသင်း နောက်တစ်ကြိမ်ထပ်မံခြေချော်ခဲ့လို့ ဒီရလဒ်ကို အသင်းရဲ့လက်ရှိဘောလုံးရာသီအခြေအနေအပေါ် အရှိအတို်ငးဖော်ပြချက်လို့ လူအများ ယူဆနေကြပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာရနိုင်ခြေရှိနေချိန် အခြေအနေအပေါ် စိတ်ပျက်နေကြတဲ့ အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်အချို့က ပွဲအပြီးမှာ လီဗာပူးအသင်းကို လှောင်ပြောင်ခဲ့ကြပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဆိုဘော့စလိုင်းက နည်းပြအန်းစလော့လက်အောက် စွမ်းဆောင်ရည်ပိုင်းမတည်မငြိမ်ဖြစ်နေတဲ့ အသင်းကို ဆက်လက်ဝန်းရံပေးကြဖို့ ပရိသတ်တွေဆီ တောင်းဆိုခဲ့ပါတယ်။

"ပွဲချိန် မိနစ် ၈၀ လောက်မှာတင် လူတွေ အိမ်ပြန်ကုန်ကြတယ်ဆိုတာ ကျွန်တော်တို့အတွက် ဘာမှ အထောက်အကူမဖြစ်ပါဘူး။ လုံးဝကို အထောက်အကူမပြုစေတာပါ။"

"ကျွန်တော်တို့နဲ့အတူ ဆက်ရှိပေးကြပါ။ အားလုံးက ဒါကို သတိထားမိနေကြပါတယ်။ ဂိုးပေးလိုက်ရတဲ့အချိန်မှာ လူတွေ ထွက်သွားကြတယ်။ ကျွန်တော်တို့ ဂိုးသွင်းချိန်ကျတော့ မထွက်သွားကြဘူးလေ။ ပရိသတ်တွေရဲ့စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပရိသတ်တွေကို လိုအပ်ပါတယ်။ လူတိုင်းရဲ့ အားပေးမှုကို လိုအပ်နေပါတယ်။"

"အခက်အခဲတွေကြုံနေရချိန်မှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးရှိနေဖို့က သဘာဝကျပါတယ်၊ ဒါဟာ ကျွန်တော်တို့ တကယ်လိုအပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်" လို့ ဆိုဘိုဆလိုင်းက ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်ရာသီကုန်ဖို့ ၈ ပွဲအလို၊ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ ရှိ အက်စတွန်ဗီလာနဲ့ ၂ မှတ်ကွာဟနေပါတယ်။ လာမယ့်ဗုဒ္ဓဟူးညမှာတော့ ဂါလာတာစာရေးနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး ပထမအကျော့ရှုံးနိမ့်မှုကို ပြန်လည်တွန်းလှန်နိုင်ဖို့ လိုအပ်နေပါတယ်။

အဲဒီပွဲစဉ်မှာသာ ရလဒ်မကောင်းဘူးဆိုရင် အန်းစလော့ရဲ့အသင်းက အခုရာသီ၊ နောက်ထပ်ဆုဖလားမျှော်လင့်ချက်တစ်ခုကို ထပ်မံလက်လွှတ်သွားရပါလိမ့်မယ်။