
ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် လီဗာပူးအသင်းဖော်တွေအတွက် အားပေးစကားဆိုလိုက်တဲ့ ဗန်ဒိုက်ခ်
လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်က အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပေမယ့် ရှေ့ဆက်သွားဖို့လိုကြောင်း အသင်းဖော်တွေကို အားပေးစကားပြောကြားလာခဲ့ပါတယ်။ ပထမအကျော့ပြင်သစ်မြေမှာ ပီအက်စ်ဂျီကို ၀-၁ နဲ့အနိုင်ယူခဲ့တဲ့ လီဗာပူးဟာ ဒုတိယအကျော့အိမ်ကွင်းမှာ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိဘဲ ၀-၁ နဲ့ပြန်လည်အရေးနိမ့်ခဲ့တာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပင်နယ်တီမှာ ၁-၄ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုခြေစွမ်းပြနေတဲ့ ဒမ်ဘီလီက ပွဲအစ ၁၂ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်တစ်ယောက်ပဲ ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး အခြားကစားသမားတွေဖြစ်တဲ့ ဒါဝင်နူနက်ဇ်နဲ့ ကာတစ်ဂျုံးစ်တို့ရဲ့ကန်ချက်တွေကိုတော့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ခ်က "ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ပြသခဲ့တဲ့ခြေစွမ်းက ပြင်သစ်မြေမှာထက်စာရင် ပိုကောင်းခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ ကျွန်တော်တို့ ပင်နယ်တီမှာရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်"
"ဒီပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကလည်း အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့ကအသင်းကောင်းတစ်သင်းပါ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်"
"ဒီလိုရှုံးနိမ့်မှုဆိုတာကလည်း ဘောလုံးလောကရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကြောင့် အသင်းဖော်တွေကို စိတ်ပျက်လို့ရပေမယ့် ခေါင်းကိုမော့ပြီး နောက်ပွဲအတွက်ရှေ့ဆက်နိုင်ရမယ်လို့ အားပေးခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ လီဗာပူးဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဝင်ဘလေမှာ နယူးကာဆယ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး နယ်သာလန်လက်ရွေးစင်က "တကယ်လို့ ကျွန်တော်တို့ ပုံမှန်အတိုင်းဆက်ကစားနိုင်မယ်ဆိုရင် တနင်္ဂနွေနေ့ပွဲကလည်း လှပတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ဒါပေမယ့်လောလောဆယ်မှာတော့ကြံ့ခိုင်မှုကို ပြန်လည်တည်ဆောက်သွားရပါဦးမယ်။ ဒါမှပဲ အရမ်းကောင်းတဲ့နယူးကာဆယ်ကို ယှဉ်ပြိုင်နိုင်မှာပါ။ ကျွန်တော့်ရဲ့အမြင်မှာတော့ တစ်သင်းလုံး ရှေ့ဆက်သွားနိုင်ဖို့လိုတယ်လို့ ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။