The network connection is lost.

Banner Image

ကာရာဘောင်ဖလားကိုဆုံးရှုံးခဲ့ပေမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားကိုတော့ ဆွတ်ခူးသွားလိမ့်မယ်လို့ အခိုင်အမာဆိုလာတဲ့ ပယ်လစ္စတာ

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီပယ်လစ္စတာက ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ ဖလားရရှိနိုင်ခြေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြလာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မွန်းလွဲပိုင်းက ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းက အာဆင်နယ်ကို ၂-ဝ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် အာဆင်နယ်ရဲ့ တစ်ရာသီအတွင်း ဖလားလေးလုံး မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ပြီး မန်စီးတီးကတော့ သူတို့ရဲ့ ကိုးကြိမ်မြောက် လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေသလို၊ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ပြီး ပရီးမီးယားလိဂ်ဇယားမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဘောလုံးလောင်းကစားနှုန်းထားတွေ ထုတ်ပြန်ပေးနေတဲ့ BOYLE Sports နဲ့ အင်တာဗျူးမှာတော့ ပယ်လစ္စတာက အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်တွေ မဆုံးရှုံးသေးကြောင်းနဲ့ မြောက်လန်ဒန်ကလပ် အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ဖလားနှစ်လုံး ရလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

၎င်းက "ကျွန်တော်ကတော့ သူတို့ ပရီးမီးယားလိဂ်ဖလား ရသွားမယ်လို့ ထင်ပါတယ်။ တခြားအသင်းတွေက ခြေစွမ်းမမှန်ကြသလို အာဆင်နယ်ကလည်း အခုဆို ၉ မှတ်အထိ ဖြတ်ထားနိုင်ပါပြီ။ မန်စီးတီးက ကစားဖို့ တစ်ပွဲလျော့နေသေးသလို အာဆင်နယ်နဲ့ တိုက်ရိုက်တွေ့ရဖို့လည်း ရှိသေးတာကြောင့် အမှတ်ကတော့ နီးကပ်သွားနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ အနိုင်ရဖို့ မသေချာပေမဲ့ အက်ဖ်အေဖလားကတော့ ဖြစ်နိုင်ပါတယ်။ ချန်ပီယံလိဂ်ကပဲ သူတို့အတွက် အဟန့်အတား ဖြစ်နိုင်ပြီး တခြားပြိုင်ပွဲတွေမှာတော့ အခွင့်အရေး အများကြီးရှိပါတယ်။ ချန်ပီယံလိဂ်မှာတော့ ဗိုလ်စွဲဖို့ မလွယ်ဘူးလို့ပဲ စိတ်ထဲက ခံစားနေရပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပယ်လစ္စတာက "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အာဆင်နယ်အတွက် ခက်ခဲတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။ လူတိုင်းကလည်း အခုအာဆင်နယ်အသင်းဟာ ပရီမီယာလိဂ် ရဖူးသမျှထဲမှာ အညံ့ဆုံးအသင်း ဖြစ်သွားလိမ့်မယ်လို့ ပြောနေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီလို မထင်ပါဘူး။ သူတို့က တည်ကန်ဘောတွေပေါ်မှာ အများကြီး အမှီပြုနေရပေမဲ့ ဒါကလည်း ဘောလုံးပွဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲလေ" လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ အာဆင်နယ်ဟာ လက်ကျန် ၇ ပွဲအလိုမှာ မန်စီးတီးထက် ၉ မှတ် ဖြတ်ထားနိုင်ပြီး ဖလားသုံးလုံး ရနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ အာတီတာရဲ့ အသင်းအနေနဲ့ ဒီလိုအောင်မြင်မှုတွေ ရဖို့အတွက်တော့ လတ်တလော ခံစားခဲ့ရတဲ့ လိဂ်ဖလား ရှုံးနိမ့်မှုကနေ အမြန်ဆုံးပြန်လည် နိုးထလာဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။