လီဗာပူးပရိသတ်တွေအပေါ် သူ့ရဲ့အမြင်ဘယ်လိုရှိသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဒါဝင်နူးနက်ဇ်
အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က လီဗာပူးပရိသတ်တွေကို လွမ်းဆွတ်နေမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် ဥရုဂွေးအသင်းနဲ့အတူ ဒီတိုက်စစ်မှူးက နေရာဟောင်းဆီ ပြန်လည်ရောက်ရှိနေပါတယ်။
လီဗာပူးပရိသတ်တွေရဲ့အားပေးမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ နူးနက်ဇ်က "တကယ်တော့ သူတို့က ကျွန်တော့်ကိုရော၊ ကျွန်တော့်မိသားစုကိုပါ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာပါ။
ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ခက်ခဲတဲ့အချိန်တွေ ကြုံခဲ့ရပေမဲ့ ပရိသတ်တွေက ကျွန်တော့်အပေါ် အမြဲတမ်း အားပေးကြင်နာခဲ့ကြပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ အလွန်အရေးပါခဲ့ပါတယ်။ အခု အင်္ဂလန်ကို ပြန်ရောက်ချိန်မှာလည်း သူတို့ကို တကယ်ပဲ လွမ်းမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗျမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပြီးနောက် နူးနက်ဇ်က အင်္ဂလန်မြေဆီပြန်လာဖို့ သတင်းတွေထွက်ပေါ်နေကာ နယူးကာဆယ်နဲ့လည်း အပြောင်းအရွှေ့ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။