ပီအက်စ်ဂျီကနေ ထွက်ခွာစရာ အကြောင်းပြချက်မရှိဘူးလို့ အူစမန် ဒမ်ဘီလီ အခိုင်အမာပြောကြား
ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား အူစမန် ဒမ်ဘီလီက သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ 'ဘာအကြောင်းပြချက်မှ မရှိဘူး' လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဒမ်ဘီလီဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာအမျိုးမျိုးကြောင့် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမဲ့ ပါဝင်ကစားခွင့်ရတဲ့ အချိန်တွေမှာတော့ ၃၁ ပွဲကစား၊ ၁၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့အတွက် အားလုံးကို အထင်ကြီးအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒမ်ဘီလီဟာ နည်းပြ လူးဝစ်င်းနရီကေးရဲ့ စီမံကိန်းတွေမှာ အဓိကနေရာက ပါဝင်နေဆဲဖြစ်ပေမဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကတော့ မျှော်လင့်ထားသလို တိုးတက်မှုမရှိဘူးလို့ ပြင်သစ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ မကစားခင် သတင်းထောက်တွေကို ပြောကြားရာမှာတော့ ဒမ်ဘီလီက သူ့မှာ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာပဲ မူတည်နေတာမျိုး မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ "စာချုပ်သက်တမ်းမတိုးရမယ့် အကြောင်းရင်း မရှိပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချမှာက ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေက ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ကလပ်အသင်းကြားမှာပဲ ရှိပါတယ်။ ကစားသမားဘဝ စတင်ခဲ့ချိန်ကတည်းက ဒီလိုကိစ္စတွေကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်လေ့မရှိပါဘူး" လို့ သူက ပြောကြားခဲ့ပါတယ်။