ပီအက်စ်ဂျီမှထွက်ခွာသွားဖို့ ဘာအကြောင်းပြချက်မရှိဘူးလို့ ဒမ်ဘီလီ အခိုင်အမာပြောကြား
ပီအက်စ်ဂျီတိုက်စစ်မှူးဒမ်ဘီလီက ကလပ်အသင်းမှ ထွက်ခွာသွားဖို့အတွက် အကြောင်းပြချက် လုံးဝမရှိဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာအချို့နဲ့အတူ ပုံမှန်ပွဲကစားနိုင်ဖို့ ရုန်းကန်နေရပေမဲ့ ပါဝင်ကစားချိန်တိုင်းမှာတော့ အသင်းအတွက် ခြေစွမ်းပြခဲ့ပါတယ်။ သူက အသင်းအတွက် ၃၁ ပွဲကစားထားရာမှာ ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ရှစ်ကြိမ် ပြုလုပ်ထားပါတယ်။
ဒမ်ဘီလီက နည်းပြအင်းနရစ်ရဲ့စီမံကိန်းမှာ အဓိကအစိတ်အပိုင်းအဖြစ် ဆက်ရှိနေပေမဲ့ ပြင်သစ်မှလာတဲ့သတင်းတွေအရ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ထင်သလောက်ခရီးမရောက်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်၊ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာ ဒမ်ဘီလီက အသင်းမှထွက်ခွာသွားဖို့ အစီအစဉ် လုံး၀မရရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲ မူတည်နေတာမျိုး မဟုတ်ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။
"စာချုပ်သက်တမ်းမတိုးဖို့ အကြောင်းပြချက် ဘာမှမရှိပါဘူး" လို့ သူက စတင်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒမ်ဘီလီက "ဒါပေမဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်ကိုယ်တိုင် ချမှတ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့စာချုပ်ကိစ္စဆွေးနွေးမှုတွေက ကျွန်တော့်အေးဂျင့်နဲ့ ကလပ်အသင်းကြားမှာပဲ ရှိပါတယ်။ ကစားသမားဘဝ စတင်ကတည်းက ဒီလိုကိစ္စတွေကို ကျွန်တော်ကိုယ်တိုင်ကိုင်တွယ်တာမျိုး မရှိခဲ့ပါဘူး" လို့ ဆိုခဲ့ပါတယ်။