
ဆိုစီဒက်နဲ့ပွဲမှာ ပထမဆုံးအကြိမ် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဗင်နီစီးယက်စ်
ယနေ့နံနက်က ဆိုစီဒက်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာဟာ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင်တာဝန်ကိုယူခဲ့ပြီး အသင်းအတွက် နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရခြင်းနဲ့ပတ်သက်ပြီး ဗင်နီစီးယက်စ်က "အရမ်းကိုထူးခြားကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒီမှာအချိန်တွေအကြာကြီးနေခဲ့ပြီး အသက်ကလည်း ၂၄ နှစ်ရောက်ချိန်မှာ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ်ရော မိသားစုအတွက်ပါ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်ထဲက အသင်းမှာကစားနေရပြီး ကျွန်တော့်ရဲ့အိပ်မက်တွေကို တစ်ခုချင်းအကောင်အထည်ဖော်နိုင်နေပါတယ်။ ဒီလိုမျိုး အချိန်အကြာကြီးဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"
"ဒီအသင်းနဲ့အတူတူ ရှေ့ဆက်ရတာ အရမ်းကျေနပ်ပါတယ်။ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်မှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရတာ အရမ်းဂုဏ်ယူစရာပါ။ ဒါက ကျွန်တော်တစ်ခါမှ စိတ်ကူးတောင်မယဉ်ဖူးတဲ့အရာတစ်ခုအပါ။ လာမယ့်ပွဲမှာ ကျွန်တော့်အနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မှာပါ။ ကျွန်တော့်အနေနဲ့ ပွဲ ၄၀၀၊ ပွဲ ၅၀၀ လောက်အထိ ဆက်လက်ကစားချင်ပါတယ်။ ဒီအသင်းနဲ့အတူ သမိုင်းတွေတည်ဆောက်ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗင်နီစီးယက်စ်က အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး အန်းဒရစ်ကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်က "ဒီနိုင်ပွဲက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့ပြီး နည်းပြပြောတဲ့အတိုင်း ခံစစ်ပိုင်းကို တည်ဆောက်ခဲ့ပါတယ်။ ပြီးတော့ အန်းဒရစ်ကလည်း အရမ်းကောင်းတဲ့ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ကျွန်တော်တို့က ရာသီရဲ့ အကောင်းဆုံးပုံစံမှာ ရောက်ရှိနေကြတာပါ။ ကောင်းတဲ့အရာတွေ ရောက်လာတော့မှာပါ။ ရာသီကုန်မှာ တတ်နိုင်သလောက် ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။