လိုင်ယွန်မှာအငှားနဲ့သွားကစားနေပေမယ့် အန်းဒရစ်ရဲ့ အနာဂတ်က ရီးရဲလ်မှာပဲရှိနေတယ်ုလို့ အေးဂျင့်ဖြစ်သူ အခိုင်အမာပြော
အန်းဒရစ်ရဲ့ အေးဂျင့်ကတော့ ကစားသမားရဲ့ အနာဂတ်ဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ရှိနေတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အန်းဒရစ်ဟာ အိုလံပစ်လိုင်ယွန်အသင်းထံ အငှားနဲ့ ရောက်ရှိခဲ့တဲ့ ပထမဆုံးလမှာတင် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပအနှံ့က ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို အသစ်တစ်ဖန် ပြန်လည်ရရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အေးဂျင့်ဖြစ်သူ တီယာဂို ဖရီးတက်စ်က Win Win သတင်းဌာနကို “ဆုံးဖြတ်ချက်က ချပြီးသားပါ။ ရာသီကုန်ရင် အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြန်သွားပါလိမ့်မယ်။ ဒါက အငှားသက်သက်ပါပဲ။ ရာသီကုန်သွားရင်တော့ အန်းဒရစ်ဟာ ရီးရဲလ်မက်ဒရစ်ကစားသမား ပြန်ဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖရီးတက်စ်က “ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ ယောက်ထဲက ၈ ယောက်လောက် ရှိနေတဲ့ ကလပ်အသင်းမျိုးကို ရောက်လာတဲ့အခါ အသက် ၁၈ နှစ်အရွယ် ကစားသမားတစ်ယောက်အနေနဲ့ ပါဝင်ကစားခွင့် နည်းပါးတာဟာ သဘာဝပါပဲ” လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် “သူဟာ ရာသီကြိုလေ့ကျင့်ခန်းတွေ မဆင်းနိုင်ခဲ့သလို၊ ကမ္ဘာ့ကလပ်များ ဖလားပြိုင်ပွဲကိုလည်း မသွားခဲ့ရပါဘူး။ နောက်ပြီး လပေါင်းများစွာ အနားယူခဲ့ရပါသေးတယ်။ ရီးရဲလ်မက်ဒရစ်လို ကလပ်အသင်းမျိုးမှာတော့ ဒါတွေက ကိုယ့်အတွက် အများကြီး နစ်နာစေပါတယ်” လို့လည်း ၎င်းက ရှင်းပြခဲ့ပါတယ်။