The network connection is lost.

Banner Image

မိုဆာလက်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ထုတ်ပြောလာတဲ့ ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က မိုဆာလက် ဒဏ်ရာရရှိနေပေမဲ့လည်း သူ့အတွက် နှုတ်ဆက်ပွဲကိုတော့ အခြေအနေမရွေး အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးသွားမယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မိုဆာလက်ရဲ့ဘယ်ခြေထောက်ဒဏ်ရာပြဿနာပေါ်ပေါက်ခဲ့ပြီး ပွဲချိန်တစ်နာရီဝန်းကျင်မှာတင် လူစားလဲခဲ့ရပါတယ်။

အခုရာသီကုန်ရင် အသင်းမှထွက်ခွာတော့မယ့် ဒီတိုက်စစ်မှူးက တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ရာသီလက်ကျန်ပွဲစဉ်တွေကို လွဲချော်ရဖွယ်ရှိနေပြီး အသင်းနဲ့ အလှပဆုံးနိဂုံးချုပ်ရမယ့်အခွင့်အရေးကို ဆုံးရှုံးသွားရနိုင်ပါတယ်။

ဗန်ဒိုက်ကတော့ ကြံ့ခိုင်မှုပြန်ပြည့်၀ဖို့ ကြိုးစားနေချိန်အတွင်း ရာသီပိတ်ပွဲစဉ်မှာ အန်ဖီးလ်ပရိသတ်တွေရဲ့နွေးနွေးထွေးထွေးနှုတ်ဆက်မှုကို မိုဆာလက်ရရှိပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

"ကွင်းထဲကို အမြန်ဆုံးပြန်လာနိုင်ဖို့ သူ့ဘက်မှ အတတ်နိုင်ဆုံးကြိုးစားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ရာသီရဲ့ အခုလိုအချိန်မျိုးမှာ ဒဏ်ရာရတာ၊ အထူးသဖြင့် သူ့လိုအခြေအနေမျိုးမှာ အိမ်ကွင်းပွဲစဉ်နှစ်ခုလောက်ပဲ ကျန်တော့ချိန် ဒဏ်ရာရရှိပြီး ကွင်းတွင်းမှထွက်လာရတဲ့ခံစားချက်က တကယ်ကို ဆိုးရွားလွန်းပါတယ်။ လက်ရှိမှာတော့ မိုဆာလက်ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ရဦးမှာဖြစ်လို့ ဘယ်လောက်အထိ ကြာမလဲဆိုတာ မသိရသေးပါဘူး။ နောက်သီတင်းပတ် ပြန်လာနိုင်မလား၊ မလာနိုင်ဘူးလား ဆိုတာလည်း ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူ့ကိုတော့ ထိုက်ထိုက်တန်တန် နှုတ်ဆက်သွားပါလိမ့်မယ်" လို့ ဗန်ဒိုက်က ဆိုပါတယ်။

ဆက်လက်ပြီး ဗန်ဒိုက်က "ဒါက အခုချိန်မှာ အဓိကထားစဉ်းစားရမယ့်အချက် မဟုတ်သေးသလို အများကြီးလည်း ကြိုမတွေးထားသင့်သေးပါဘူး။ ဆာလာက ဒဏ်ရာသက်သာလွယ်တဲ့သူဖြစ်သလို ကျွန်တော်တို့ဆီမှာလည်း ကောင်းမွန်တဲ့ဆေးအဖွဲ့ရှိတာကြောင့် စောင့်ကြည့်ရပါဦးမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

စနေနေ့ပွဲစဉ်မှာ ကွင်းတွင်းမှ မိုဆာလက် ဖြည်းဖြည်းချင်းထွက်ခွာသွားချိန်မှာ ပရိသတ်တွေကို လက်ခုပ်တီးနှုတ်ဆက်သွားခဲ့တာကြောင့် ဒါဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ပရိသတ်တွေလည်း စိုးရိမ်နေကြပါတယ်။

မိုဆာလက်က လီဗာပူးအတွက် ၄၃၅ ပွဲမှာ ၂၅၇ ဂိုးအထိ သွင်းယူပေးထားပြီး အီယန်ရပ်ရှ် (၃၄၆ ဂိုး) နဲ့ ရော်ဂျာဟန့် (၂၈၅ ဂိုး) တို့ပြီးရင် အသင်းရဲ့ တတိယမြောက်သွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။