The network connection is lost.

Banner Image

ကလေးဘဝတုန်းကလိုမျိုး ဂျာစီကျောဘက်မှာ နာမည်တပ်မယ်ဆိုရင် ရွေးချယ်မယ့် ယူနိုက်တက်အသင်းဖော် နှစ်ယောက်အကြောင်း မိုင်နူး ဖွင့်ဟ

အကယ်၍ သူသာ ကလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဂျာစီကျောဘက်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ အာမတ်တို့ရဲ့ နာမည်တွေကို ရိုက်နှိပ်ပြီး ဝတ်ဆင်သွားမှာဖြစ်တယ်လို့ ကိုဘီမိုင်နူးက ပြောကြားလိုက်ပါတယ်။ မိုင်နူးဟာ အပြောင်းအရွှေ့သတင်းတွေကို ပယ်ချပြီး ဒီအပတ်ထဲမှာပဲ သူ့ရဲ့မိခင်ကလပ်နဲ့ ၂၀၃၁ ခုနှစ် နွေရာသီအထိ ၅ နှစ်သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုကာ အသင်းမှာပဲ ဆက်ရှိသွားဖို့ ကတိပြုခဲ့တာပါ။

ဒီရာသီ ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားလေးဟာ အဓိကနေရာက ပါဝင်နေပြီး အထူးသဖြင့် ယာယီနည်းပြ မိုက်ကယ်ကားရစ်လက်ထက်မှာ ပိုပြီး အရေးပါလာပါတယ်။ ကားရစ်ကိုင်တွယ်ခဲ့တဲ့ ၁၃ ပွဲမှာ မိုင်နူးက ၁၂ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့ပြီး လိဒ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တစ်ပွဲတည်းကိုပဲ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာပါ။ အသင်းဆီ ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေချိန်မှာ GQ မဂ္ဂဇင်းက သူ့ရဲ့ ပထမဆုံး ဂျာစီမှာ ဘယ်သူ့နာမည်ကို စတင်တပ်ခဲ့ဖူးလဲလို့ မေးမြန်းခဲ့ပါတယ်။

"ဝိန်းရွန်းနီ ပါ။ ကျွန်တော် ကြီးပြင်းလာချိန်မှာ သူက ယူနိုက်တက်ရဲ့ အထင်ကရလူပေါ့။ သူက တကယ့်လူစွမ်းကောင်းဆိုတော့ အဲဒီအချိန်တုန်းက တခြားဘယ်သူ့နာမည်ကိုမှ ဂျာစီမှာ တပ်ဖို့တောင် စဉ်းစားမှာမဟုတ်ဘူး" လို့ မိုင်နူးက ဆိုပါတယ်။ အခုခေတ်က ပရိသတ်အငယ်စားလေးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်သူ့ကို ရွေးမလဲလို့ မေးမြန်းရာမှာတော့ လက်ရှိအသင်းဖော် နှစ်ယောက်ကိုပဲ ရွေးချယ်သွားမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"ဘရူနို ဒါမှမဟုတ် အာမတ် ဖြစ်လောက်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ပြိုင်ဘက်ကို လှည့်စားကစားနိုင်တဲ့ တောင်ပံကစားသမားမျိုးတွေကို အရမ်းကြိုက်ခဲ့တာ။ ဘရူနိုကတော့ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ကလပ်အသင်းအတွက် သူလုပ်ပေးခဲ့တာတွေကလည်း အများကြီးပါ။ သူ ဒီမှာရှိနေတာ ကြာပြီဖြစ်သလို ဒီရာသီမှာ သူလုပ်ပြနေတာတွေကလည်း တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်" လို့ ပြောပါတယ်။

မိုင်နူးဟာ ဒီရာသီ ယူနိုက်တက်အတွက် ၂၆ ပွဲ ကစားပေးထားရာမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပြီး လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့မယ့်ပွဲစဉ်မှာလည်း ဘရူနို၊ အာမတ်တို့နဲ့အတူ ပါဝင်ကစားရင်း ဂိုးဖန်တီးမှုတွေ ထပ်မံရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။