
ယူရိုပါလိဂ်ဆုပေးပွဲအခမ်းအနားမှာ ဆုတံဆိပ် လုံလောက်မှုမရှိခဲ့လို့ တော့တင်ဟမ်ကို ယူအီးအက်ဖ်အေ တောင်းပန်
ကြာသပတေးနေ့နံနက်က မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ရရှိပြီး ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့တဲ့ တော့တင်ဟမ်အတွက် အောင်ပွဲခံအခမ်းအနားမှာ တစ်ဦးချင်းဆုတံဆိပ် လုံလုံလောက်လောက်မပေးအပ်နိုင်ခဲ့တာကြောင့် ယူအီးအက်ဖ်အေက လူသိရှင်ကြားတောင်းပန်လာခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဆွန်ဟောင်မင်အပါအဝင် ဆုတံဆိပ်ကို နောက်ဆုံးမှ လက်ခံရယူမယ့် အခြား တော့တင်ဟမ်ကစားသမား ၂ ဦးအတွက် ယူအီးအက်ဖ်အေက ဆုတံဆိပ်ပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး လုံလောက်တဲ့ ပမာဏကို စီစဉ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်အနေနဲ့ လည်ပင်းမှာ ဆုတံဆိပ်ချိတ်ဆွဲထားခြင်းမရှိဘဲ ဆုဖလားကို ကိုင်မြှောက်ခဲ့ရပါတယ်။
အဆိုပါ ဆုတံဆိပ်မလုံလောက်မှုနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက "ကျွန်တော်တို့ဘက်က ပျက်ကွက်မှုအတွက် တောင်းပန်စကားဆိုချင်ပါတယ်။အောင်ပွဲခံအခမ်းအနားမှာ လုံလောက်တဲ့ ဆုတံဆိပ်အရေအတွက်ကို ပေးအပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ကစားသမားအရေအတွက်နဲ့ ဆုတံဆိပ်အရေအတွက်ကို တိကျအောင် မစီစဉ်နိုင်ခဲ့ပါဘူး"
"တော့တင်ဟမ်ဘက်ကလည်း ကနဦးက ဆုတံဆိပ်ယူမယ့် ကစားသမားတွေထက် ဒဏ်ရာရ ကစားသမားတွေပါ ဆုတံဆိပ်ကို လက်ခံရယူခဲ့ကြပါတယ်။ လိုအပ်တဲ့ဆုတံဆိပ်အရေအတွက်ကို ကျွန်တော်တို့ တော့တင်ဟမ်ရဲ့ အဝတ်လဲခန်းထဲသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး ပျက်ကွက်မှုအတွက်လည်း တောင်းပန်ခဲ့ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။