
အင်္ဂလန်အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ အိုင်ဗန်တိုနေး
လာမယ့်အန်ဒိုရာ ၊ ဆီနီဂေါတို့နဲ့ကန်မယ့်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ အိုင်ဗန်တိုနေးတစ်ယောက် ပြန်လည်ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်ဇွန်လ ၇ ရက်နေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကန်ရမှာဖြစ်ပြီး ဆီနီဂေါအသင်းနဲ့ခြေစမ်းပွဲကန်မှာဖြစ်ကာ တူချယ်က လူစာရင်းရွေးချယ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တူချယ်ရဲ့လူစာရင်းထဲမှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးက ပထမဆုံးပြန်လည်ရွေးချယ်မှုခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အသက် ၂၉ နှစ်သားဟာ ဆော်ဒီလိဂ်ကလပ် အယ်လ်-အက်လီအသင်းမှာ ကန်နေတာဖြစ်ပါတယ်။ ယခင်တုန်းက တိုနေးတစ်ယောက် နိုင်ငံအသင်းအတွက် ၆ ပွဲပါဝင်ကစားခဲ့ပြီး အခုချိန်မှာလည်း အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။
တိုနေးအပြင် ပယ်လ်မာ ၊ ဆာကာတို့လည်း ပါဝင်လာခဲ့ပြီး အာနိုးလ်လည်း ပါဝင်လာခဲ့ပါတယ်။ အာနိုးလ်ကတော့ အခုနွေရာသီမှာ ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း နော်တင်ဟမ်နဲ့အတူ ခြေစွမ်းပြခဲ့တဲ့ မော်ဂန်ဂစ်ဝှိုက်အပြင် ၊ ဟန်ဒါဆန်တို့လည်း ပါဝင်လာခဲ့ပါတယ်။ ဗီလာအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်လာနိုင်ပေမယ့် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ကံဆိုးခဲ့ရပါတယ်။ လက်ရှိတူချယ်ရဲ့လူစာရင်းမှာ ဖိုဒန် ၊ ဆိုလန်ကီ ၊ ဝါတန် ၊ မက်ဂွါရီ နဲ့ လုခ်ရှောတို့တော့ မပါဝင်လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးစတား ချာလိုဘတ်က အင်္ဂလန်စီနီယာအသင်းအတွက် ပထမဆုံးပါဝင်လာဖွယ်ရှိနေပြီး ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။