The network connection is lost.

Banner Image

ချဲလ်ဆီးဂန္တဝင်သီယာဂိုဆေးလ်ဗားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ထားတယ်လို့ ချာလိုဘာ ဖွင့်ဟ

ကိုမိုအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ချာလိုဘာက ချဲလ်ဆီးဂန္တဝင်သီယာဂိုဆေးလ်ဗားနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ပီအက်စ်ဂျီမှ ချဲလ်ဆီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ သီယာဂိုဆေးလ်ဗားက အနောက်လန်ဒန်ကလပ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူက ၂၀၂၂-၂၀၂၃ ရာသီမှာ ချဲလ်ဆီးရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ချာလိုဘာအပါအဝင် အနောက်လန်ဒန်မျိုးဆက်သစ်နောက်ခံလူတွေအတွက် စိတ်ဓာတ်ခွန်အားအရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဆေးလ်ဗားရဲ့ ချဲလ်ဆီးကစားသမားဘ၀၊ ဒုတိယမြောက်ရာသီဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ချာလိုဘာလည်း စီနီယာအသင်းကြီး စတင်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဆေးလ်ဗားထွက်ခွာသွားချိန်အထိ သူတို့နှစ်ဦးအကြား အတူတွဲဖက်ကစားမှုကို ပုံမှန်တည်ဆောက်နိုင်ခဲ့ပါတယ်။

အခုတော့ သီယာဂိုဆေးလ်ဗားက ဘရာဇီးကလပ် ဖလူမိနိစ်မှာ ရှိနေပြီး ချာလိုဘာကတော့ ကိုမိုအသင်းနဲ့အတူ အီတာလျံမြေမှာ ရပ်တည်နေပါတယ်။ အခုလို မိုင်ပေါင်းထောင်ချီ ဝေးကွာနေပေမဲ့လည်း သူတို့နှစ်ဦးအကြား ရင်းနှီးတဲ့မိတ်ဆွေဆက်ဆံရေး ရှိနေဆဲပဲလို့ ချာလိုဘာက ဖွင့်ဟခဲ့ပါတယ်။

"သီယာဂိုဆေးဗားလ်ဆိုတာ ကျွန်တော် အမြဲတမ်းအားကျလေးစားခဲ့ရတဲ့ ပုဂိ္ဂုလ်တစ်ဦးပါ"

"ကျွန်တော် ကျောင်းတက်စဉ်ကာလမှာဆိုရင် အေစီမီလန်အတွက် သူကစားပေးနေချိန် သူ့ရဲ့ YouTube ဗီဒီယိုတွေ၊ သူ့ရဲ့ အကောင်းဆုံးကစားကွက်စုစည်းမှုတွေကို အမြဲတမ်း ကြည့်ရှုခဲ့ဖူးပါတယ်။ နောက်ဆုံး ချဲလ်ဆီးမှာ သူနဲ့ အတူတွဲဖက်ကစားခွင့်ရခဲ့တယ်ဆိုတာ တကယ့်ကို အံ့ဩစရာကောင်းပြီး နောက်ထပ်အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တာပါပဲ"

"ကျွန်တော် သူ့နဲ့ အမြဲတမ်းအဆက်အသွယ်ရှိပါတယ်။ သူ ချဲလ်ဆီးမှာရှိတုန်းက သူ့ရဲ့ ကြံ့ခိုင်မှုပြန်လည်ထိန်းသိမ်းပုံတွေ၊ သူ ဘယ်လိုစွမ်းဆောင်ကစားသလဲဆိုတာတွေကို ကျွန်တော် အမြဲ လေ့လာခဲ့ပါတယ်"

"ကျွန်တော် သူ့ဆီမှ သင်ယူခဲ့ရတဲ့အရာကတော့ 'ဖြစ်လာနိုင်ခြေ' (what if)တွေကို ကြိုတင်တွေးဆမှု ဖြစ်ပါတယ်။ သူက 'ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ သို့မဟုတ် ဟိုလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ' ဆိုတာ အမြဲပြောလေ့ရှိပါတယ်"

"ကျွန်တော်တို့အချင်းချင်း Instagram မှာ စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ ရယ်စရာကောင်းတာက အင်္ဂလန်နဲ့စပိန်တို့ရဲ့ပွဲစဉ်ကို သူ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တာပါပဲ။ ဒါက တကယ်ကောင်းပါတယ်" လို့ ချာလိုဘာက ပြောပါတယ်။

ချာလိုဘာက ကိုမိုမှာ ဖာဘရီဂတ်စ်နဲ့အတူ လက်တွဲလုပ်ကိုင်နေပြီး ဆေးဗားလ်ဆီမှ သင်ယူခဲ့ရတဲ့ ပညာတွေနဲ့အတူ အသက် ၂၇ နှစ်အရွယ်ကစားသမားမှာ အထွဋ်အထိပ်ကာလဆီ ရောက်ရှိနေပါပြီ။